ဆန်လုံးညိုမှထုတ်လုပ်သောဗနီဂါ
Brown Rice Vinegar (BRV)
Brown Rice Vinegar တွင် အစ်ဆီတစ်အက်ဆစ်ဘက်တီရီးယား (Acetic acid bacteria)များ ပါဝင်သည်။ ၎င်းတို့သည် အသည်းကိုအဓိကအကျိုးပြုပြီး အသည်းရှိဆဲလ်များကို ရောဂါပိုးမွှားကင်းစင်စေခြင်း၊ ကျား/မ ဟိုမုန်း များကို ညီညွတ်မျှတစေခြင်း၊ ခန္ဒာကိုယ်တွင်းရှိ မလိုအပ်သည့် အဆိပ်အတောက်အရည်များကို ပုံမှန်စွန့်ပြစ်စေခြင်း နှင့် အသည်း၏လုပ်ငန်းဆောင်တာများကို ညီညွတ်မျှတစေရန် ပေါင်းစည်းဖန်တီးပေးခြင်းတို့ဖြင့် ထောက်ကူပေးသည်။ ထို့အပြင် အိမ်မွေး တိရစ္ဆာန်များတွင် ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါအမျိုးမျိုးတို့ ကုသခြင်း တို့တွင်လည်း အသုံးဝင်သည်။
BRV သည် အစ်ဆစ်ပျော့အမျိုးအစားပင်ဖြစ်သည်။ သို့ရာတွင် BRV သည်ခန္ဒာကိုယ်အတွင်း ကျေပျက်ပြီးသောအခါ ဓာတ်ကြွင်းများသည် အယ်လ်ကာလီ(alkali)များအဖြစ် ပြောင်းလဲသွားသည်။ ထို့ကြောင့် BRV ကို အယ်လ်ကာလီအစာ (alkali food) ဟုလည်းခေါ်သည်။ ဗနီဂါချက်လုပ်ရယူနိုင်သည့် နှံစားပင်များနှင့် သစ်သီးများသည် သဘာဝအယ်လ်ကာလီ(alkali food) အစာများပင်ဖြစ်သည်။
BRVသည် ၎င်းကိုယ်တိုင်က အက်ဆစ်တစ်မျိုးဖြစ်သော်လည်း သက်ရှိလူသားများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် အပင်များကစုပ်ယူစားသုံးပြီးပါက ဘေ့စ် (base) အဖြစ်သို့ပြောင်းလဲသွားလေ့ရှိသည်။ ထို့ကြောင့် BRV ၏လုပ်ငန်းဆောင်တာသည် အစ်ဆစ်သဘာဝမှ အယ်လ်ကာလီသဘာဝသို့ ပြောင်းလဲပေးရန်ဖြစ်သည်။ ဤသို့ဖြင့် ခန္ဒာကိုယ်ကို သန့်စင်စေပြီး ကျန်းမာ၍ အသစ်တဖန် ပြန်လည်နုပျိုလာစေသည်။
BRVတွင်ပါဝင်သည့် ဖိုက်တစ်အစ်ဆစ်(phytic acid)သည် အဆိပ်အတောက်များကိုပြေစေပြီး ရောဂါပိုးမွှားများ ကင်းစင်စေကာ ခန္ဒာကိုယ်ကြံခိုင်မှုကို တိုးတက်စေသည်။ ဖိုက်တစ်အစ်ဆစ်(phytic acid)သည် ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါအမျိုးမျိုးကို ကုသခြင်းတို့အတွက်လည်း အကျိုးပြုသည်။
အခြားအစားအစာများထက် BRV သည် သူငယ်ပြန်ခြင်းကို ကာကွယ်ပေးနိုင်သည့် အမိုနိုအက်ဆစ်(amino acid)များနှင့် အော်ဂဲနစ်အက်ဆစ်(organic acid) များပါဝင်နေသည်။ ထို့ကြောင့် BRV သည် အရွယ်တင်နုပျိုစေနိုင်သည့် လက်တစ်အက်ဆစ်(lactic acid)များ ခန္ဒာကိုယ်အတွင်းတွင် ပြိုကွဲပျက်စီးစေရန်အတွက် သင့်လျှော်သည်။
BRV သည် ကယ်(လ်)စီယမ်စုပ်ယူမှုအချိုးကိုမြင့်မားစေသည်။ ခန္ဒာကိုယ်အတွင်းရှိအရည်များတွင် အက်ဆစ်ဓာတ်များလာပါက ခန္ဒာကိုယ်သဘာဝအရ သာမန်မျှခြေပြန်ဖြစ်ရန် ကြိုးပမ်းသည်။ ဤအခြေအနေတွင် ခန္ဒာကိုယ်သည် ကယ်(လ်)စီယမ်ကို လိုအပ်လာသည်။ အက်ဆစ်ရည်ဖြစ်နေသည့် ခန္ဒာကိုယ်အတွင်းမှ ကယ်(လ်)စီယမ်ကို စုပ်ယူရန်မှာခက်ခဲသည်။ သို့ရာတွင် BRV ထဲသို့ စီထရစ်အက်ဆစ်(citric acid) ကိုပေါင်းထည့်ပေးပါက ကယ်(လ်)စီယမ်ကို လွယ်ကူစွာ စုပ်ယူနိုင်သည်။
BRV ၏လုပ်ငန်းဆောင်တာများ
- BRV ဖျော်ရည်ပျော့ပျော့သည် အပင်စတင်ကြီးထွားချိန်မှ အဖူးမဖူးခင်အချိန်အထိ အပင်၏ ကြီးထွားဖွံဖြိုးမှုကို လွယ်ကူချောမွေ့စေပြီး ရွက်နုဝေခြင်းကို ထောက်ကူပေးသည်။ ရွက်ဖြန်းအဖြစ်အသုံးပြုပါက အရွက်များပေါ်ရှိ ဖရောင်းလွှာဖြစ်ပေါ်မှုကို ကူညီထောက်ပံသည်။ အရွက်လွှာကို ထူထည်းသိပ်သည်းစေပြီး ရွက်နုဝေစေခြင်းနှင့် ရောဂါအမျိုးမျိုးနှင့် အင်းဆက်ပိုးမွှားများ၏ဒဏ်ကို ခံနိုင်ရည်တိုးတက်စေသည်။
- BRV သည်အပင်များပျော့ပျောင်းကွေးညွတ်နိုင်စေပြီး အခြားသောရွက်ဖြန်းအားဆေးများ အသုံးပြုပါက ရွက်ဖြန်း အားဆေးများမှ အစာ၊ အာဟာရများ စုတ်ယူနိုင်မှုစွမ်းရည်ကို တိုးတက်စေသည်။
- BRV တွင်ပါဝင်သော အက်စီတစ်အက်ဆစ် ဘက်တီးရီးယားများ၏ စွမ်းရည်ကြောင့် BRV သည်လည်း ပိုးသတ်နိုင်ခြင်းနှင့် အကျိုးပြုအနုဇီဝများ ရှင်သန်ပေါက်ဖွားကြီးထွားနှုန်းကို တည်ညိမ်အောင် ထိမ်းသိမ်း ထားနိုင်သည်။
- ကယ်(လ်)စီယမ်ပျော်ရည်(WS-Ca)နှင့် BRV ကိုတွဲ၍အသုံးပြုပါက ကယ်(လ်)စီယမ်၏အကျိုးသက်ရောက်မှုကို အကောင်းဆုံး အသုံးချနိုင်သည်။
- BRV သည်အပင်များ၏မျိုးပွားခြင်းနှင့်ဆိုင်သော ကြီးထွားဖွံ့ဖြိုးမှုများကို မြန်နှုန်းမြင့်စေသည်။
BRV ကိုလက်တွေ့အသုံးချပုံ
- ကြက်ဥခွံများကို BRV ထဲသို့ထည့်ပြီး ကယ်(လ်)စီယမ်ပျော်ရည် ထုတ်ယူနိုင်သည်။
- အမဲရိုး၊ ဝက်ရိုး၊ ကြက်ရိုး၊ ငါးရိုးအစရှိသည်တို့ကို BRV ထဲတွင်စိမ်ပြီး ကယ်(လ်)စီယမ်ဖော့စဖိတ်ပျော်ရည် (WS-CaPo) ထုတ်ယူနိုင်သည်။
- အပင်ဖျက်ပိုးမွှားများ သေစေရန် ရွက်နုဝေချိန်တွင် BRV ကို ရေဖြင့် ၁:၅၀၀ အချိုးဖြင့်ရောစပ် ပက်ဖြန်းပေးနိုင်သည်။ ရွက်နုများရင့်လာချိန်တွင် ၁:၂၀၀ (သို့) ၁:၃၀၀ နှုန်းဖြင့် ပက်ဖြန်းပေးခြင်းဖြင့် ဖျက်ပိုးများကို ကာကွယ်နိုင်သည်။
- BRV ကို မြေပြင်ချိန်တွင်လည်ကောင်း၊ IMO-4 ပြုလုပ်ရာတွင်လည်ကောင်း၊ အာဟာရပြည့်ဝသည့် မြေဆွေးပုံများပြုလုပ်ရာတွင်လည်ကောင်း အသုံးပြုနိုင်သည်။
ဆန်လုံးညိုမှထုတ်လုပ်သောဗနီဂါ (BRV) ပြုလုပ်နည်း
- ဆန်လုံးညို နို့ဆီဗူး ၂-ဗူးကို ရေ ၂-ကြိမ်ဆေး ၍ ၁-ရက်ခန့် ရေစိမ်ပေးပါ။
- ရေစိမ်ထားသောဆန်ကို အိုးထဲထည့်ပြီး ရေခန်းချက်ပါ။
- ရေခန်းချက်ထားသော ထမင်းကို အဝကျယ်သည့်ခွက်တစ်ခုခုထဲသို့ပြောင်းထည့်ပြီး အားလုံးကြေသည် အထိ ကြိတ်ချေပါ။
- ရေ ၂-လီတာနှင့် ဘီယာသံဘူးသေးတစ်ဘူး (250-ml) ထပ်ထည့်ပြီး ဆန်ပြုတ်ကဲ့သို့ ဖြစ်အောင်မွှေပေးပါ။ ပြီးလျှင် တဆေးခြောက်မှုန် (Yeast Powder) ၂-ဂရမ်ရောထည့်ပြီး နှံ့အောင်မွှေပေးပါ။
- ထို့နောက် သင့်တော်သောဖန်ပုလင်း (စဥ့်အိုးငယ်ဖြင့် ပြုလုပ်နိုင်လျှင် ပို၍ကောင်းပါသည် ) ထဲသို့ သုံးပုံနှစ်ပုံပြည့် သည့်အထိ လောင်းထည့်ပြီး ပိတ်စပါးဖြင့် ဖြင့်၂-ထပ်ဖုံးအုပ်ပါ။ ပြီးလျှင် ပိတ်စ ၂-ထပ်ပေါ်မှအကြွေစေ့ငယ်တစ်စေ့(ကြေးဝါပြား)ကို အလေးဖိသကဲ့သို့ တင်ထားပါ။
- နေရောင်ခြည်တိုက်ရိုက်မကျရောက် မထိတွေ့နိုင်သည့် (အပူချိန် ၇၅-ဒီဂရီဖာရင်ဟိုက်မှ ၈၅-ဒီဂရီဖာရင်ဟိုက်ကြား) နေရာတွင်ထားပါ။ ပုလင်း/စဥ့်အိုးကို လုံးဝလှုပ်ရှားမှုမရှိသော နေရာတွင်သာထားရပါမည်။
- ၆-လခန့်ကြာလျှင် ပိတ်ပါးစပေါ်မှ အကြွေစေ့တွင် စိမ်းပြာရောင် သန်းလာပေမည်။ ထိုအခါ အသင့်သုံးနိုင်သော ဗနီဂါကို ရရှိပြီဖြစ်ပါသည်။
- အချဉ်ပေါက် အရောအနှောထဲမှ ကြည်လင်နေသော ဗနီကာများကို ရေစစ်ဖြင့် စစ်ယူ၍ ထည့်စရာ ပုလင်းအသစ်ထဲသို့ပြောင်းထည့်ပြီး ရယူသိမ်းဆည်းနိုင်ပါသည်။ (ခန့်မှန်းခြေ ၁.၆-လီတာမျှ ရရှိပေမည်။)
- ရရှိလာသော ဗနီဂါပုလင်းကို လုံခြုံအောင် သေချာစွာပိတ်ထားပြီး အေးသောနေရာ ( ၁၅-ဒီဂရီစင်တီဂရိတ်အောက်အေးသော ရေခဲတ္တော ဟင်းသီးဟင်းရွက်ခန်း ) တွင်သိုလှောင် သိမ်းဆည်းထား၍ သုံးစွဲနိုင်ပါသည်။
(ဗနီကာကိုကိုယ်တိုင်ထုတ်ယူရန် အခက်အခဲရှိပါက (Makgeolli ခေါ် Korean rice wine) ကိုအစားထိုးဝယ်ယူသုံးစွဲနိုင်ပါသည်။ သို့မဟုတ် ထန်းရည်ကို ပုလင်း၏သုံးပုံနှစ်ပုံခန့်ထည့်၍ အဝကိုပိတ်စပါးဖြင့် ချည်နှောင်ကာ ၁၅-ရက်ခန့်ထားရှိ၍လည်း BRV အဖြစ်အလွယ်တကူ အစားထိုးသုံးစွဲနိုင်ပါသည်။