**************************************
မန်ဂျန်ရှားပင်တွေအကြောင်း မိတ်ဆက်ပေးဦးလို့ တောင်းဆိုနေကြလို့ ရှာဖွေတင်ပြလိုက်ပါတယ် ... ကျနော်က စိတ်ပညာနဲ့ကျောင်းပြီးတာပါ သစ်တောနဲ့ကျောင်းပြီးတာမဟုတ်ပါ ... စိုက်ပျိုးရေးကျွမ်းကျင်သူလည်းမဟုတ်ပါ ... ဝါသနာပါတော့ အင်တာနက်မှာ ရှာရှာဖတ်ပြီး သစ်ပင်တွေအကြောင်း တခါတလေရေးပါတယ် ... ကိုယ်တိုင်လည် ခြံထဲမှာ အပင်လေးတွေစိုက်ပါတယ် ... ကျနော်စိုက်တာ သူများတွေနဲ့မတူဘဲ ကိုးယိုးကားယားစိုက်နည်းပေါင်းစုံပါ ... စိတ်ကူးတည့်ရာလုပ်တာပါပဲ ဟဲဟဲ ... ခြံကျဉ်းကျဉ်းလေးထဲကို အလည်မခေါ်ချင်ဘူး ရှက်လို့ ... အခုတော့ မန်ဂျန်ရှားအကြောင်းဖတ်ဦးပေါ့ ...
မန်ဂျန်ရှားပင်တွေဟာ ကျနော်တို့ လမ်းဘေးဝဲယာကြည့်လိုက်ရင် ဂျပန်ပိတောက်လို့ခေါ်ကြ မလေးရှားပိတောက်လို့ခေါ်ကြတဲ့ အော်ရေးရှားပင် Acacia auriculiformis တွေနဲ့ ခပ်ဆင်ဆင်တူပါတယ် ... မန်ဂျန်ရှားနဲ့ အော်ရေးရှား မတူတဲ့အချက်တွေ သေသေချာချာကြည့်ရင် သိသာပါတယ် ... မန်ဂျန်ရှားက အဖြူရောင်ရိုးတံအပွင့်ပွင့်ပြီး အော်ရေးရှားလို့ခေါ်တဲ့ မလေးရှားပိတောက်ကတော့ အဝါရောင်ပွင့်ပါတယ် ... အသီးသီးတဲ့အခါမှာ ကုလားမန်ကျည်းသီးလို ခွေပြီးသီးကြတယ် ... မန်ဂျန်ရှားနဲ့ အော်ရေးရှား အသီးနဲ့ အစေ့မှာ ခွဲခြားရခက်ပါတယ် ... မျိုးစိတ်ပေါင်း ၂၀၀ ကျော်ရှိလို့ ကွဲကွဲပြားပြားခွဲခြားလို့ရတဲ့အမျိုးတွေလည်း ရှိပါတယ် ... အစေ့နဲ့အရွက်မှာ သဘာဝပတ်ဝန်းကျင်နဲ့ ကျေးငှက်တိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေတဲ့ အဆိပ်သင့်ဇီဝဖွဲ့စည်းမှု မရှိပါဘူး ...
အရွက်ချင်းဆင်ဆင်တူတယ်ထင်ရပေမယ့် အော်ရေးရှား (မလေးရှားပိတောက်) က အရွက်သေးသေးရှည်ရှည်ချွန်ချွန်ဖြစ်ပြီး မန်ဂျန်ရှားကတော့ အရွက်ဖားပြီး ထိပ်ပိုင်းတုံးတုံးဝိုင်းဝိုင်းဖြစ်ပါတယ် ... မန်ဂျန်ရှားက ပင်စည်လုံးပတ်ဖြောင့်စင်းပြီး အော်ရေးရှားကတော့ ပင်စည်မဖြောင့်ဘဲ ကိုင်းတတ်လည်း ကောက်ကောက်ကွေးကွေးဖြစ်ပါတယ် ... သစ်အရေအသွေးမှာလည်း မန်ဂျန်ရှားက ညိုဝါရောင်ဖြစ်ပြီး အော်ရေးရှားက အဝါရောင်ပါ ... အပင်အမျိုးအစားနှစ်ခုလုံး ကြီးမြန်သစ်မျိုးနွယ်ဖြစ်ပေမယ့် မန်ဂျန်ရှားကပိုအကြီးမြန်ပြီး သစ်အတွက် အသုံးကောင်းပါတယ် ... အော်ရေးရှားက လမ်းဘေးမြေထိန်းအပင်အဖြစ် ဒါမှမဟုတ် ကျေးရွာထင်းအသုံးစိုက်ခင်းအဖြစ် စိုက်လို့ကောင်းပါတယ် ... ကိုင်းတတ်တွေခုတ်လေ ပိုထွက်လေဖြစ်တာမို့ တစ်ပင်လုံးမျိုးဖြုတ် ထင်းယူစရာမလိုဘဲ မွေးထားလို့ကောင်းပါတယ် ...
စီးပွားဖြစ် သစ်တောစိုက်ခင်းထူထောင်သူတွေတောင် မန်ဂျန်ရှားနဲ့ အော်ရေးရှားကို မှားပြီးစိုက်ထားသူတွေရှိပါတယ် ... သစ်ပင်က မစိုက်ခင်ကတည်းက မျိုးကိုသေချာအောင်လေ့လာဖို့လိုပါတယ် ... မှားစိုက်မိပြီးမှပြန်ခုတ်ရရင် ငွေနဲ့လုပ်အား အစားပြန်ထိုးလို့ရပေမယ့် အချိန်အစားထိုးလို့မရတော့တာကြောင့် အရမ်းနစ်နာပါတယ် ... ဒီနေ့ မြန်မာပြည်မှာ မန်ဂျန်ရှားကို စီးပွားဖြစ်စိုက်တဲ့သူ နည်းနေပါသေးတယ် ... မန်ဂျန်ရှားရဲ့ကောင်းကျိုးတွေကို လူသိနည်းတာကတစ်ကြောင်း စိုက်တာနည်းလို့ နိုင်ငံတကာသစ်ဈေးကွက်မှာ မြန်မာမန်ဂျန်ရှားရယ်လို့ နာမည်မရသေးတာကတစ်ကြောင်းကြောင့် ဖြစ်ပါလိမ့်မယ် ... တကယ်တော့ မန်ဂျန်ရှားဟာ ၁၀ နှစ်နဲ့ အရည်အသွေးမီသစ်မျိုးကောင်းအဖြစ် ထုတ်သုံးလို့ရတဲ့ သစ်မျိုးဖြစ်ပါတယ် ... ညိုဝါရောင်ဖြစ်လို့ ပါကေးတို့ အိမ်ထောင်ပရိဘောဂတို့လုပ်တဲ့အခါမှာလည်း လှပါတယ် ... အသားမာပြီး ပိုးမွှားမကြိုက်တာကြောင့် တံခါးကျည်းဘောင် လှေခါးလက်ရန်းကအစ အသုံးပြုနိုင်တယ် ... ခုံ ကုလားထိုင် စားပွဲတွေလုပ်ရင်လည်း ကျွန်းလိုပဲ ရေရှည်အသုံးခံပြီး သစ်ကွက်လည်းလှပါတယ် ... လှေနဲ့မော်တော်တွေစပ်ရာမှာလည်း သုံးနိုင်တယ် ... သြစတြေးလျနိုင်ငံရဲ့ ထိပ်တန်းသစ် အသုံးဝင်စာရင်းမှာ ပါပါတယ် ...
မန်ဂျန်ရှားဟာ တစ်နှစ်အတွင်း ၁၀ ပေဝန်းကျင်အမြင့်အထိ ကြီးထွားမြန်ပါတယ် ... အကြီးမြန်ပေမယ်လို့ မြေကြီးထဲကရေကို အနည်းဆုံးပဲစုပ်ယူပြီး အပေါ်ယံမြေဆီလွှာမှာ နိုက်ထရိုဂျင်ကိုမြင့်တက်စေပြီး မြေဆီလွှာထဲမှာရှင်သန်တဲ့ အနုဇီဝပိုးတွေကိုလည်း ရှင်သန်ပေါက်ပွားစေပါတယ် ... အရွက်က နှစ်ပတ်လည် ကြွေလိုက်ဝေလိုက်ဖြစ်ပြီး အဆွေးမြန်တဲ့အရွက်တွေကြောင့် မြေဆီလွှာကို ပိုပြီးအားကောင်းလာစေပါတယ် ... သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒီမန်ဂျန်ရှားကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသုံးများလာတယ်လို့ ဆိုပါတယ် ... မြေဆီသြဇာညံ့ပြီး အက်ဆစ်ဓါတ်လွန်ကဲတဲ့မြေ PH Level 4.0 အောက်မြေအမျိုးအစားတွေမှာတောင် ရှင်သန်ကြီးပြင်းနိုင်ပါတယ် ... အပူချိန်အမြင့်ဆုံး 31-34°C ဝန်းကျင်ရာသီဥတုတွေမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး ဒီ့ထက်ပိုသေးရင်လည်း ခံနိုင်ပါတယ် ... အေးလွန်းတာကိုသိပ်မကြိုက်ဘဲ အအေးဆုံး 15-22°C မှာသာ အကောင်းဆုံးစိုက်ပျိုးသင့်ပါတယ် ... ရေဝပ်စိမ့်စွဲပြီး ရွှံ့စေးဆန်တဲ့မြေမျိုးမှာ အပင်တွေသေသွားတာ ကျနော်တွေ့ဖူးတယ် ... သက်တမ်းအားဖြင့် နှစ် ၃၀ ကနေ ၅၀ အထိသာရှိပြီး ၁၀ နှစ်ကနေ ၁၂ နှစ်အတွင်းမှာ သစ်အရည်အသွေးကောင်းအဖြစ် ထုတ်ယူသုံးစွဲနိုင်ပါပြီ ... အမြင့်ပေ မီတာ ၃၀ အထိမြင့်နိုင်ပြီး ၁၀ နှစ်သားလောက်မှာတော့ အချင်း ၁ ပေကျော်ကျော် အကြီးဆုံးအချင်း ၃ ပေလောက် ဖြောင့်ဖြောင့်တန်းတန်း သစ်လုံးတွေထုတ်ယူနိုင်ပါပြီ ... အပင်ငယ်ငယ်ဘဝမှာလည်း စက္ကူပျော့ဖတ်အဖြစ်ထုတ်လုပ်နိုင်ပြီး အရည်အသွေးကောင်းတဲ့ စက္ကူအကောင်းစားကိုလည်း ထုတ်လုပ်နိုင်ပါတယ် ... ဘိုင်အိုလောင်စာဆီထုတ်စက်ရုံတွေအတွက် အဓိကကုန်ကြမ်းအဖြစ် သုံးနိုင်ပါသေးတယ် ...
တစ်ပင်နဲ့တစ်ပင် ၇ x ၇ ပေ ပင်ခြားတန်းခြား ခပ်စိတ်စိတ်စိုက်နိုင်ပြီး တစ်ဧကမှာ အပင် ၉၀၀ နီးပါး ဝင်ဆန့်ပါတယ် ... ဒီလောက်ကပ်စိုက်လို့ မန်ဂျန်ရှားဟာ ကြီးထွားနှုန်းနှေးတာ အပင်လှီသေးသွားတာမျိုးမရှိဘဲ တောကိုညီညီဖြစ်ထွန်းစေနိုင်ပါတယ် ... အပင်သက်ငယ်စဉ် ၂ နှစ်ဝန်းကျင်အထိ ပင်စည်လုံးပတ်ဖြောင့်ဖြောင့်ရဖို့ ဘေးတတ်တွေကို ရှင်းပြီး စနစ်တကျပြုပြင်ပေးဖို့တော့လိုပါတယ် ...
မန်ဂျန်ရှားမျိုးစေ့ဝယ်တဲ့အခါ အော်ရေးရှားမျိုးစေ့တွေနဲ့ မှားပြီးဝယ်မိတာမျိုးဖြစ်တတ်ပါတယ် ... ပျိုးပင်ငယ်ဘဝမှာ အော်ရေးရှားနဲ့မန်ဂျန်ရှားကို သာမန်စိုက်ပျိုးရေးသမားအဆင့်နဲ့ ခွဲခြားတတ်ဖို့ခက်ပါတယ် ... ဒါကြောင့် မျိုးကောင်းမျိုးသန့်ကို စနစ်တကျဝယ်ယူတတ်ဖို့လိုပါတယ် ... အစေ့ တစ်ကီလိုဂရမ်မှာ အစေ့အရေအတွက် တစ်သိန်းကျော်ပါဝင်ပါတယ် ... အစေ့ကို ရေနှစ်ရက်လောက်စိမ်ပြီး ပျိုးထုပ်တစ်ထုပ်မှာ ၂ စေ့လောက်ထည့်ပျိုးပါတယ် ... တစ်စေ့မပေါက် တစ်စေ့ပေါက်ပေါ့ ... နှစ်စေ့လုံးအပင်ပေါက်ရင် မပေါက်တဲ့ပျိုးထုပ်ထဲ ရွှေ့စိုက်ပေးရပါတယ် ... တချို့က အစေ့ကို ရေနွေးပွက်ပွက်ထဲ စိမ်လိုက် ချက်ချင်းထုတ်ယူပြီး ရေအေးထဲထည့်လိုက် အဲဒီနည်းနဲ့ သုံးခါလောက်လုပ်ပြီး ပျိုးတာမျိုးလည်းလုပ်ကြပါတယ် ... အစေ့ကို အပင်မြန်မြန်ပေါက်စေတဲ့နည်းဖြစ်ပြီး ၇၈% လောက် အပင်ပေါက်နှုန်းကောင်းတယ်လို့ ဆိုပါတယ် ... ကျနော့်လက်တွေ့ကတော့ ညခင်းရေစိမ်လိုက် နေ့ခင်းလေသလပ်ထားလိုက် ဒီနည်းအတိုင်း ၃ ရက်လုပ်ပြီးပျိုးတော့ ၁၅ ရက်လောက်မှာ အပင်ပေါက်တာပါပဲ ... ပေါက်နှုန်းလည်း ကောင်းတာပါပဲ ... မျိုးစေ့သန့်သန့်ရဖို့သာ အရေးကြီးပါတယ် ... သစ်မျိုးကောင်းတဲ့မန်ဂျန်ရှားနဲ့ ထင်းမျိုးကောင်းတဲ့ အော်ရေးရှား မှားမစိုက်မိစေနဲ့ပေါ့ ... ဒါပါပဲ ...
အကျယ်တဝင့်သိချင်ရင် အောက်မှာ အကိုးအကား link တွေ ရှာဖွေပေးထားပါတယ် ...
မြန်မာပြည် စိမ်းလန်းပါစေ ...။
ကိုဇင် အဓိပတိပစ္စယော
၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်။





 
Top