ပဲတီစိမ်း အထွက်တိုးရန်၊ စိုက်ပျိုးချိန် အလိုက် ဂရုပြုရမည့် အချက်များ

         မြန်မာ နိုင်ငံတွင် ပဲတီ စိမ်းကို မြန်မာ နိုင်ငံ အောက်ပိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင် ဒေသ များတွင် လည်းကောင်း၊ မြန်မာ နိုင်အလယ်ပိုင်း ဒေသများ မကွေး၊ မန္တလေး ဒေသ များတွင် လည်းကောင်း၊ မြန်မာ နိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး တွင်လည်းကောင်း ဒေသအနှံ့ စိုက်ပျိုးလျက် ရှိသည်။ ဤသို့ ပဲတီစိမ်း စိုက်ပျိုးသော ဒေသများ ကွဲပြားခြားနား နေသည့် အလျောက် ဒေသအလိုက်စိုက်ပျိုးသည့် အချိန်နှင့် စိုက်ပျိုးသည့် စနစ်များ ကွဲပြားလျက် ရှိသည်။ မြန်မာ နိုင်ငံတွင် ပဲတီစိမ်းကို မိုးကြို စိုက်ပဲ၊ မိုးဦး စိုက်ပဲ၊ မိုးလယ်စိုက်ပဲ၊ မိုးနှောင်း စိုက်ပဲဟု စိုက်ချိန် အလိုက် ခေါ်ဝေါ် လေ့ရှိ ကြသည်။
          ဤသို့ ပဲတီ စိမ်းကို မိုးကြို၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ရာသီမရွေး စိုက်ပျိုးနိုင်ရန် မှာ ပဲမျိုး ရွေးချယ်မှုသည် အဓိကဖြစ် ပါသည်။ ပဲတီစိမ်းမျိုးများတွင် အလင်းရောင် တုံ့ပြန်မှုရှိသောမျိုးများနှင့် အလင်းရောင် တုံ့ပြန်မှုမရှိသောမျိုးများဟူ၍ ခွဲခြားထားပါ သည်။ သက်တမ်းတို၍ အလင်းရောငတုံ့ပြန် မှုမရှိသော မျိုးများသည် အချိန်ကာလ မရွေး စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန(ရေဆင်း)မှထုတ်ဝေ ထားသော ပဲတီရွှေဝါ၊ စိုက်ပျိုးရေး(၁)၊ ရေဆင်း(၃)၊ ရေဆင်း(၄)၊ ရေဆင်း(၅)နှင့် KPS-2 မျိုးများသည် အလင်းရောင် တုံ့ပြန်မှုနည်း သဖြင့် မြေအစို ဓာတ်ရှိပါက၊ ရေသွင်း နိုင်ပါက မိုးကြို၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ကာလ များတွင် စိုက်ပျိုး နိုင်ပါသည်။
         ပဲတီစိမ်း စိုက်ပျိုး ရာတွင် ရာသီမရွေး စိုက်ပျိုးနိုင်သည်ဆိုသော်လည်း အအေးဒဏ် လွတ်ကင်းရန်နှင့် သီးတောင့်ရင့်မှည့် ချိန်တွင် မိုးမမိစေရန်၊ စိုက်ပျိုးချိန်ကို အထူး သတိပြုရန် လိုအပ် ပါသည်။ မြန်မာပြည် အထက်ပိုင်းတွင် အအေးဓာတ်မှ လွတ်မြောက်ရန် စက်တင်ဘာလထက် နောက်ကျ၍ လည်းကောင်း၊ ဖေဖော်ဝါရီလ ဒုတိယ ပတ်ထက် စော၍ လည်းကောင်း မစိုက်ပျိုး မိစေရန် သတိ ပြုသင့်သည်။ အပင် ပေါက်နှေး၍ အပင်ကြီးထွားဖွံ့ဖြိုးမှု နှေးစေ တတ်ပါသည်။ မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီး တို့တွင် ပဲတီ စိမ်းကို မိုးကြိုပဲတီစိမ်းအဖြစ် စိုက်ပျိုး ပါသည်။
         ထူးခြား သည်မှာ မိုးကြို ပဲတီစိမ်းကို စိုက်ပျိုးရာတွင် အစိုဓာတ်နည်းနေချိန်ဖြစ် သဖြင့် ရေသွင်းစိုက်ပျိုးခြင်းစနစ်ကို အသုံးပြု ကြပါသည်။ ရေသွင်းနှမ်းလျင်နှင့် ပဲတီ စိမ်းကို ရေသွင်း၍လည်း သီးညှပ်စိုက်ပျိုးကြ ပါသည်။ မိုးကြိုပဲတီစိမ်း စိုက်ပျိုးရာတွင် သတိပြုရမည့်အချက်များရှိပါသည်။ စိုက်ချိန်ကို ဖေဖော်ဝါရီလ အတွင်း အပြီးစိုက်ပျိုးရန် လိုအပ် ပါသည်။ စိုက်ပျိုးသည့်မြေသည် နုန်းစနယ်နှင့်နုန်းမြေစေးဖြစ်ပါက၊ ထယ်ရေး ကောင်းပြီး ရေသွင်းမှု ထိထိမိမိရှိပါက ပန်း ဖြိုင်ဖြိုင်ပွင့်ချိန်အထိ ရေလုံလောက်မှု ရှိပါသည်။ မိုးကြိုပဲတီစိမ်း စိုက်ပျိုးရန် ရေအရင်း အမြစ်မှာ မြစ်ချောင်းရေ၊ ဆည်ရေ၊ ဆည်ရေ မှ ပိုလျှံရေ၊ လျှပ်စစ်မြစ်ရေတင်နှင့် ရေချို စက်ရေတွင်းများဖြစ်ပါသည်။
         မိုးကြို ပဲတီ စိမ်းသည် ခြောက်သွေ့ရာသီတွင် စိုက်ပျိုးရ သည်ဖြစ်၍ အပင်ဖြစ်ထွန်းချိန်တွင် အစို ဓာတ် မလုံလောက်ပါက အပင်ဖြစ်ထွန်းမှု ညံ့၍ အထွက် ထိခိုက်စေပါသည်။ မိုးကြို ပဲတီစိမ်းသည် ပန်းဖြိုင်ဖြိုင်ပွင့် ချိန်တွင် မိုးမရွာပါက ရေ တစ်ကြိမ်ထပ်သွင်းပေးရန်လိုအပ်ပါသည်။ သို့သော် ရေမ၀ပ်နေစေရန် မြေယာ ပြုပြင်စဉ် ကတည်းက ရေသွင်းမြောင်း၊ ရေနှုတ်မြောင်းများ ကြိုတင်စီမံ ဆောင်ရွက်ခဲ့ရမည် ဖြစ်သည်။ မိုးကြို ပဲတီစိမ်း ပန်းပွင့်ချိန်၊ သီးကင်း ၀င်စချိန် မိုးကြီးမိပါက သီးကင်းအပွင့်များ ကြွေကျနိုင် ပါသည်။ ရေသွင်းပြီး ရေခန်း သွားပါက ကြားထွန်တစ်စပ်ဝင်၍ မြေသြဇာ ကျွေးပေးလျှင် အပွင့်ထပ်မံပွင့်၍ သီးထွက်ပို လာနိုင်ပါသည်။ မိုးကြို ပဲတီစိမ်းကို စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးပါသည်။
      မိုးစိုက် ပဲတီစိမ်းကို မိုးဦးမှာတစ်ကြိမ် မိုးလယ်မှာတစ်ကြိမ်၊ နှစ်ကြိမ်ခွဲ စိုက်ပျိုးကြ သည်။ မိုးဦးစိုက် ပဲတီစိမ်းကို မြန်မာပြည်အထက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီးများနှင့် ရှမ်း၊ ကယားပြည်နယ် ဒေသများတွင် စိုက်ပျိုးကြသည်။ မိုးဦးစိုက်ပဲတီစိမ်းကိုဇွန်၊ ဇူလိုင်လများတွင် အပြီး စိုက်ပျိုးရန် သတိပြုသင့်ပါသည်။ မိုးလယ် ပဲတီစိမ်း သီးထပ်ကို စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီး၊ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ မုံရွာ၊ အရာတော်တို့တွင် စိုက်ပျိုးကြပြီး မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းနှင့်မကွေးတိုင်းဒေသကြီး တို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး ကြသည်။
          ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူ၊ကြံခင်း၊ မြန်အောင်တို့တွင် မိုးပဲတီစိမ်း သီးသန့်အဖြစ်လည်းကောင်း၊ ပြောင်းဖူး၊  နှမ်းလျင်၊  ပဲစင်းငုံ၊နေကြာတို့နှင့် သီးညှပ် စိုက်ပျိုးကြပါသည်။ မိုးစိုက် ပဲတီစိမ်းသည် အထူးအရေး ကြီးသည်မှာ ရေမ၀ပ်စေရန်ဖြစ်ပါသည်။ ပဲစိုက်ပျိုးရန် မြေယာပြုပြင်စဉ်ကတည်းက ပတ်မြောင်း၊ ရေထုတ်မြောင်းများ ကြိုတင် စီမံဆောင်ရွက်ခဲ့ရန် သတိပြုသင့်ပါသည်။ ရင့်မှည့်ချိန်တွင် မိုးမိပါက ပဲတောင့်များ ရေစို နူးအိသွား၍ ပုပ်စေပါသည်။ အခွံတွင် အမွှေး ပါသော ပဲတီစိမ်းမျိုးများသည် သီးတောင့်အတွင်းရေ၀င်ရန် ခဲယဉ်းစေပါသည်။ ပဲတီ ရွှေဝါမျိုးသည် အတောင့် ရေစိုမခံနိုင်ပါ။
     ပဲတီစိမ်း မျိုးများသည် အဆုံးမရှိ ပန်းပွင့် သော မျိုးများဖြစ်လေ့ရှိသဖြင့် တစ်ကြိမ် တည်း အဆုံးသတ်ပန်းပွင့်သော မျိုးများကိုသာရွေးချယ် စိုက်ပျိုးသင့်ပါသည်။ မိုးလယ် ပဲတီစိမ်းကို စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်အနောက်ပိုင်းတို့တွင် မေလ၊ ဇွန်လများတွင် မိုးသည်းထန်စွာ ရွာသွန်း တတ်ပြီး ဇူလိုင်၊ သြဂုတ်လများတွင် မိုးပါး၍ မိုးခေါင်နေတတ်ပါသည်။သြဂုတ်လနှင့် စက်တင်ဘာလဆန်းတွင်ရွာသော မိုးနှင့် ပဲတီစိမ်း စိုက်ပျိုးကြပါသည်။ ရိတ်သိမ်းချိန် တွင် မိုးလွတ်၍ အရည်အသွေးကောင်းပဲကို ရရှိပါသည်။ မိုးလယ်စိုက် ပဲတီစိမ်းကို စိုက်ချိန် နောက်ကျ၍ ပန်းပွင့်ပြီး သီးတောင့်ဖြစ်ထွန်းချိန် မိုးပြတ်နေပါက ရေတစ်ကြိမ်ပေးသွင်းရန် လိုအပ်ပါသည်။ မိုးလယ်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး အပူချိန်မြင့်တက် ပြီး စိုထိုင်းဆလည်းများတတ်ရာ၊အပင်ဖြစ် ထွန်းမှု များလွန်းအားကြီး၍ မျိုးစေ့နှုန်းထား ကို လျှော့ချစိုက်ပျိုးသင့်ပါသည်။
         ပျဉ်းမနား ကဲ့သို့ မြေသြဇာထက်သန်သော ဒေသများ တွင် တန်းကြား နှစ်ပေခန့်ထားပြီး စိုက်ပျိုး သင့်ပါသည်။ သို့မဟုတ် ကြဲခင်းဆိုပါက ထွန်ကြောင်းခံပြီး ပျိုး လေးပြည်မှ ခြောက် ပြည်ခန့် အသုံးပြုသင့်ပါသည်။ မြေချဉ်ငန် ဓာတ်(၅)ထက် နည်းပါက ကျောက်မှုန့်မြေသြဇာ တစ်ဧက ငါးအိတ်နှုန်း ထည့်ပေး သင့်သည်။ တီစူပါမြေသြဇာအိတ်ကြီး၏ လေးပုံ တစ်ပုံခန့်ကို ထည့်သင့်ပါသည်။ မိုးနှောင်းကာလ ပဲတီစိမ်းကို စိုက်ပျိုး နည်းစနစ် မျိုးမျိုးဖြင့် စိုက်ပျိုးသည်။  ဆောင်းသီးနှံ ပဲတီစိမ်းဖြစ်ပါသည်။ မိုးစပါးအပြီး သီးထပ် ပဲတီစိမ်းအဖြစ် စိုက်ပျိုးကြသည်။ မိုးစပါးအပြီး ဆောင်းသီးနှံ ပဲတီစိမ်း သီးထပ် စိုက်ပျိုးရာတွင် မြေယာပြုပြင် ထွန်ယက် စိုက်ပျိုးသည့် ထွန်ပဲအဖြစ်လည်းကောင်း၊ မိုးစပါးစိုက်ခင်းအတွင်း မိုးစပါး မရိတ်သိမ်းမီ အောင်ရေလွှတ်ပြီးချိန်တွင် ရေလိုက်ပဲ အဖြစ်လည်းကောင်း၊ မိုးစပါး ရိတ်သိမ်း အပြီး မြေယာပြုပြင်ထွန်ယက်မှု မပြုလုပ်ဘဲ ရိုးပြတ်ကြားတွင် ပဲကြဲ၍ ရိုးပြတ်ကို ဓားဖြင့် ခုတ်ဖုံး၍ ခုတ်ဖုံး ပဲအဖြစ်လည်းကောင်း စိုက်ပျိုး ကြသည်။
        ကိုင်းကျွန်း မြေများတွင်မူ မိုးရာသီ ရေလွှမ်းနှုန်းပို့ပြီး ရေပြန်ကျသွားသော အခါ ကိုင်း၊ ကျွန်း ပဲတီစိမ်းအဖြစ် စိုက်ပျိုး ကြပါသည်။ သီးထပ် ပဲတီစိမ်းမဟုတ်ပါ။ မြန်မာနိုင်ငံအောက်ပိုင်းဒေသ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင်တို့တွင် မိုး နှောင်း ဆောင်းသီးနှံ သီးထပ်ပဲတီစိမ်းအဖြစ် စိုက်ပျိုးကြပါသည်။ မိုးစပါးအပြီး သီးထပ် အဖြစ် စိုက်ရသဖြင့် မည်သည့်နည်းစနစ် ဖြင့် စိုက်သည်ဖြစ်စေ အစိုဓာတ်မိရန် စိုက်ပျိုး ချိန်သည် အရေးကြီးပါသည်။ စိုက်ပျိုးချိန် နောက်ကျလျှင် အစိုဓာတ်ခန်းခြောက်မှုနှင့် ကြုံရသဖြင့် ပဲထွက်မကောင်းနိုင်ပါ။ သို့ပါ၍ မိုးစပါးအပြီး ပဲတီစိမ်းသီးထပ်ကို အောက်တိုဘာလ နောက်ဆုံးပတ်မှ နိုဝင် ဘာလကုန်အတွင်း အပြီးစိုက်ပျိုးရန် သတိပြုသင့်ပါသည်။
         အညာဒေသတွင် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အအေးဓာတ်ရှိသဖြင့် မိုးစပါးအပြီး ပဲတီစိမ်း သီးထပ်စိုက်ရန် အခြေအနေမပေးပါ။အပင်ပေါက်ရန် နှေး ကွေးသည်။ မြန်မာပြည်အောက်ပိုင်း ဒေသ များတွင် နေ့နှင့်ညအပူချိန် များစွာကွာခြားမှု မရှိသဖြင့် အပင်ပေါက်နှုန်း ကောင်းစေ၍ စိုက်ပျိုးသင့်သည်။ ပဲတီစိမ်းကို မိုးစပါးခင်း  မရိတ်သိမ်းမီ အောင်ရေလွှတ်ပြီးချိန် ရေလိုက် ပဲကြဲရာတွင် စပါးခင်းအတွင်း ပဲစေ့ကို လက်ဖြင့်ပေါက်ကြဲ ကြဲရန် လိုပါသည်။ သို့မှသာ ပဲစေ့များသည် အရှိန်ဖြင့် စပါးပင်ခြေရင်း တမန်းပျော့အတွင်း နစ်ဝင် သွားစေပါသည်။ အစိုဓာတ် အလုံ အလောက်ရရှိ၍ အပင်ပေါက် ကောင်းစေပါ သည်။ မြေစေး၊ မြေကျစ်၊ မြေမာများဖြစ်ပါက စပါးအနှံထွက်စအချိန်တွင် တီစူပါ မြေသြဇာအိတ် နှစ်ပုံလျှင် တစ်ပုံခန့်ကို ကြိုတင်ကြဲထားရန် လိုပါသည်။ ပဲတီစိမ်း သီးနှံအတွက် ကြိုတင်အစာဖြည့်ထားခြင်း ဖြစ်ပါသည်။ ရွှံ့စေးမြေဖြစ်ပါက ခြေနင်း မခံတခံအခြေအနေတွင် စပါးမရိတ်မီ ၁၀ရက်အလိုတွင် ပဲတီစိမ်းကို ကြဲသင့်ပါသည်။
 
        မျိုးစေ့နှုန်းကို ၁၀ ပြည်မှ ၁၂ ပြည်ခန့် သုံးသင့် ပါသည်။ နုန်းမြေဖြစ်လျှင် ရေခပ်စပ်စပ် အခြေအနေတွင် ပဲတီစိမ်း ကြဲရန် သင့်သည်။ပဲတီစိမ်း အစေ့ ရေအောက်သို့ လက်မ ၀က်ခန့် မြုပ်သွားနိုင်သည့် အခြေအနေတွင် ပဲစေ့ပုပ်သွားနိုင်သဖြင့် မကြဲသင့်ပါ။ ၎င်းအခြေအနေတွင် နှစ်ရက်ခန့် ထပ်စောင်းပြီး ရေခပ်စပ်စပ်ဖြစ်သွားချိန်တွင် ကြဲရန် ဖြစ်ပါ သည်။ သဲဆန်သောမြေဖြစ်ပါက ပဲတီစိမ်းစေ့ရေအောက်မြုပ်ရုံ အနေအထား ဆိုလျှင် ကြဲသင့်သည်။ ပဲစေ့ကြဲပြီးလျှင် ရေတစိမ့်စိမ့် ထွက်နေအောင် နှစ်ရက်ခန့်ထုတ်ပေးပြီး ပြန်ပိတ်ထားရန် လိုပါသည်။ ရေလိုက် ပဲကြဲသောအခါ အပင်ပေါက် သေချာစေရန် အောက်ရေထွက်က  ထွက်ပေါက်ကိုဖွင့်ထားပြီး အထက်ရေ၀င်က ထွက်ပေါက်ကိုပိတ်ထားရန် သတိပြု သင့်ပါသည်။
       မထင်မှတ်ဘဲ မိုးကြီး ရွာလာခဲ့လျှင် ရေ၀ပ်မကျန်နေစေရန် ဖြစ်ပါသည်။ စပါးရိတ်ပြီး အလင်းပွင့်လာ၍ ပဲပင်များ ကြီးထွားဖွံ့ဖြိုးမှုစတင် လာချိန်တွင် ဘိုင်အို စူပါ ရွက်ဖျန်းမြေသြဇာ တစ်ပတ်လျှင် တစ်ကြိမ်ခန့် သုံးကြိမ်နှင့် ကွန်ပေါင်း ရွက် ဖျန်းမြေသြဇာ တစ်ပတ်လျှင် တစ်ကြိမ်ခန့် သုံးကြိမ်ဖျန်းပေးရန် လိုအပ်ပါသည်။ ခုတ်ဖုံးစနစ် ပဲတီစိမ်းစိုက်ပျိုးရာတွင် သဲဆန်လွန်းသော မြေသည် အစိုဓာတ်မထိန်းနိုင် သဖြင့် ရှောင်ကြဉ်သင့်ပါသည်။ နုန်းမြေ၊ မြေစေးတွင် စပါးရိတ်ပြီး မြေအစို ဓာတ် ခြေနင်းခံအခြေအနေ၌ ပဲစေ့ကိုကြဲသင့်ပါသည်။ ခုတ်ဖုံးပဲ စိုက်ပျိုးမည်ဆိုလျှင် စပါးရိုးပြတ်ရှည်ရှည်ချန်၍ ရိတ်သိမ်းသင့် ပါသည်။ သို့မှသာ အစိုဓာတ် ပိုထိန်းနိုင် မည်ဖြစ်သည်။
       ပဲစေ့ကြဲ ပြီးပါက စပါးရိုး ပြတ်များကို မြက်ရမ်း ဓားကောက် သို့မဟုတ် လက်တွန်းထွန်စက်ရှေ့တွင် ဓားသွား တပ်၍လည်းကောင်းဖြတ်ပေးရန် လိုပါ သည်။ ပဲစေ့များပေါ်သို့ ရိုးပြတ် အပြတ်အစ များပြား၍ ဖုံးအုပ်သွားသဖြင့် အစိုဓာတ် ပိုထိန်းနိုင်ပြီး ပဲထွက်ကောင်းစေပါသည်။ သို့အတွက်လည်း ခုတ်ဖုံးပဲဟု ခေါ်ခြင်းဖြစ် ပါသည်။ မြေသြဇာအရည်ဖျန်းခြင်း၊ တီစူပါ ကျွေးခြင်းမှာ ရေလိုက်ပဲကဲ့သို့ပင်အသုံးပြု နိုင်ပါသည်။ ပဲတီစိမ်းကို မည်သည့်စနစ်နှင့် စိုက်သည်ဖြစ်စေ အပင်ပေါက်ကောင်းစေရန် ၁၈ နာရီမှ ၂၄ နာရီ ရေစိမ်၍ ကြဲသင့်ပါသည်။ ရေစိမ်ပြီး ချက်ချင်းကြဲသင့်ပါသည်။ ရေစိမ် ပြီး ညသိပ်ထားပါက ပုပ်၍ မှိုစွဲနိုင်ပါသည်။
         သို့မဟုတ် မျိုးစေ့ခြောက်သွားပြီး သန္ဓေသား ပျက်စီးသွားစေနိုင်ပါသည်။ မြေယာ ပြုပြင်ထွန်ယက်စိုက်ပျိုးသည့် ထွန်ပဲတွင်မူ ယူရီးယား မြေသြဇာ အိတ်သေး (၅၆ ပေါင် = ၁၅ ပိဿာ)၊ တီစူပါမြေသြဇာအိတ်ကြီး၏ သုံးပုံ တစ်ပုံ (ပေါင် ၇၀ = ပိဿာ ၂၀)၊ ပိုတက်ရှ်မြေသြဇာ အိတ်ကြီး၏ လေးပုံ တစ်ပုံ (၅ ပေါင် = ၁၅ ပိဿာ) အသုံးပြုသင့်ပါသည်။ သို့မှ သာ ပဲထွက်ကောင်းမည်ဖြစ်ပါသည်။ သို့ပါ၍ ပဲတီစိမ်းအထွက်တိုးစေရန် အတွက် စိုက်ပျိုးချိန်အလိုက် ဂရုပြု ဆောင်ရွက်ရမည့်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်း လိုက်ရပါသည်။
- အောင်ဆန်း (စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများ ဂျာနယ်
ဓာတ်ပုံ - Beans383.com
 
Top