ပဲချယ်ရီ
သင်္ဘောငုစပ်
Gliricidia sepium (Jacq.) Walp.,
Robinia sepium Jacq.,
Common Names: Thinbaw-ngusat
Madre,
Family : Fabaceae


            တနေ့က ဘွဲနှင်းဘေးက ကွင်းထဲမှာ ထူးထူးခြားခြားပွင့်နေသော ပဲပန်းလေးကိုတွေ့လိုက်ရတော့ အရမ်းပျော်သွားမိတယ်၊ အပင်ရဲ့အမည်ကို "ပဲချယ်ရီ" ခေါ်တာသိရတော့ လိုက်ဖက်တဲ့ အမည်တခုလို့သတ်မှတ်မိပါတယ်၊ အဆုပ်လိုက်ပွင့်နေပုံက တကယ်ကို ချစ်ဖို့ ကောင်းလှပါတယ်၊ အဝေးကကြည့်ရင် ချယ်ရီပန်း လေး အလားထင်ရပါတယ်၊ အပင်အမည်ကိုသိရဖို့ တညလုံး စာအုပ်များစွာထဲက မွှေနှောက်မိပြီး သိရတော့လည်း တကယ်ပျော်စရာပါ၊ ဒီအပင်လေးကို မုံရွာတက္ကသိုလ် ပါမောက္ခချုပ် Dr Win Ng ဦးစီးစိုက်ခဲ့တာမို့ ဂုဏ်ယူမဆုံးပါ၊ အညာဒေသအချို့မှာသာ တွေ့ရတတ်တဲ့အပင်ဖြစ်ပေမဲ့ အခုလို နီးနီးကပ်ကပ်မြင်ရလို့လည်း ကြေနပ်နေမိတာပါ၊
             အပင်ကနှစ်ရှည်ခံအပင်အလတ်မျိုးဖြစ်ပြီး ရာသီကြွေသောအပင်တမျိုးပါ၊ အရွယ်ရောက်အပင်အမြင့်က ၁၂ မီတာသာသာ လောက်မြင့်တတ့်ပါတယ်၊ အခေါက်တွေက အဖြူရောင်သန်းသော မီးခိုးရောင်ဖြစ်ပြီး ချောမွေ့လို့နေပါတယ်၊ အရွက်တွေက တဆင့်ငှက်မွှေးရွက်ပေါင်း ဖြစ်ပြီး ရွက်မွှာလေးတွေ ၇ ကနေ ၁၇ လောက်ထိပါပါတယ်၊ ရွက်မွှာလေးတွေက ရွက်ဆိုင်ထွက်ကြတယ်၊ ဒီအချက်ကလည်းထူးခြားပါတယ် ။ အရွက်တွေက ovate oblong ဖြစ်ပြီး ရွက်ရင်းက မညီပါဘူး၊ ထိပ်ဖျားကတော့ သွယ်ပြီးချွန်နေတယ်၊ ပန်းခိုင်က ထိပ်ထွက် ဒါမှမဟုတ်ကြားထွက် ရေစင်းပန်းခိုင်ဖြစ်ပြီး လှပသော ပဲပန်းများစွာ ပါလို့နေတယ်၊ Calyx တွေက ခွက်ပုံဖြစ်ပြီး ထိပ်ဖြားမှာ တိုသော အသွား ၅ခုရှိပါတယ်၊ ပွင့်ချပ်အုံက အပြင်ဖက်ကိုလွန်စွာထွက်လို့နေတယ်၊ ပဲပန်းတို့ထုံးစံအတိုင်း standard wings keels တို့ပါပြီး အားလုံး ပန်းရောင်ဖြစ်ပါတယ်၊ 
               ထူးခြားတာက ကြီးမားသော အပြင်ဖက်ဆုံးက standard အလယ်မှာ အဝါရောင် အကွက်ငယ်တခုပါနေတာပါဘဲ၊ အဲဒါကြောင့်လည်း ဒီပဲပန်းက အလှပိုနေတာဖြစ်မှာပါ၊ ဝတ်ဆံဖို ၁၀ ခုပါပြီး ၂စုစည်းဖြစ်ပါတယ်၊ အသီးကတော့ အက်ကွဲသီး pod ဖြစ်သော်လည်း အစေ့က ၉စေ့ခန့်ပါပါတယ်၊ မူရင်းဒေသက tropical forest in Mexico နဲ့ central America တို့ ဖြစ်ပါတယ်၊ နောက်ပိုင်း စိုက်ပျိုးသူများလာတာကြောင့် အခုဆို နေရာအနှံ့  ပြန့်နှံ့လို့လာတာပါ၊ အပင်ကစိုက်ရတာအလွန်လွယ်ပါတယ်၊ အက်ဆစ်ဆန်သောမြေဖြစ်သော်လည်း ရှင်သန်နိုင်စွမ်း ရှိတဲ့အပင်ပါ၊ ဒါ့ပြင် သဲဆန်သောမြေ ၊ရွှံ့စေးမြေ နဲ့ ထုံးပေါက်မြေများမှာလည်း ကောင်းစွာရှင်သန်နိုင်ပါတယ်၊ ဒီအပင်ကို ကော်ဖီစိုက်ခင်းတွေမှာ ထည့်သွင်းစိုက်ခြင်းဖြင့် ကော်ဖီအပင်များ လောင်းရိပ်ရစေပါတယ်၊ ကော်ဖီဆိုတာကလည်းလောင်းရိပ်ရှိမှ ဖြစ်ထွန်းသောသဘောရှိပါတယ်၊ အပင်ကို တိရိစ္ဆာန်အစာ ၊ သစ်ရွက်ဆွေးမြေသြဇာ နဲ့ ထင်းအတွက်သုံးကြပါသေးတယ်၊ protein ကြွယ်ဝလှတဲ့ အရွက်တွေဟာ ခြောက်သွေ့ရာသီမှာတောင် ခံနိုင်ရည်ရှိပြီး လအတော်ကြာသည်အထိ ပင်ကိုယ်ဓာတ်ပျက်ပြယ်ခြင်း မရှိပါဘူး၊ 
              အခြားအရွက်တွေထက် ခံနိုင်ရည် ရှိပါတယ်၊ အပင်ရဲ့အမြစ် ကလေထဲက nitrogen ကို ဖမ်းယူနိုင်တာမို့ soil fertility ကို လျှင်မြန်စွာတိုးလာနိုင်ပါတယ်၊ အပင်က လျင်မြန်စွာကြီးထွားနိုင်တာမို့ topsoil erosion အပေါ်ယံမြေဆီလွှာတိုက်စားခြင်းကို လျောနဲစေပါတယ်၊ ဒါ့ကြောင့် သစ်တောပြုံးတီးနေသောနေရာတွေမှာ ပြန်လည်စိုက်ပျိုးသင့်သောအပင်တပင်လည်းဖြစ်ပါတယ်၊ ပေါက်ပွားတာမြန်လွန်းလို့ Jamica မှာတော့ ပေါင်းပင် အဖြစ်တောင်သတ်မှတ်ထားရပါတယ်၊ ဖိလစ်ပိုင်မှာတော့ အရွက်က ရသော extracts တွေဟာ ပြင်ပ ကပ်ပါးပိုးတွေဖယ်ရှားရာမှာသုံးနိုင်ပါတယ်၊ အများစုကတော့ ဒီအပင်လေးတွေကို အရိပ် နဲ့ ပန်းအလှအပ အနေနဲ့သာ စိုက်ကြတာပါ ၊ ဒီအပင်လေးတွေက တောင်ပေါ်ဒေသမှာဖြစ်ထွန်းသော်လည်း အပူပိုင်းဒေသကို ပိုလို့နှစ်သက်ပါတယ်၊ 
             မိတ်ဆွေတို့ရော့ အညာက ပဲချယ်ရီကို မြင်ဖူးပါရဲ့လား...အင်း ဒီပန်းအရ....
"စိုင်းထီးဆိုင်" သီချင်းကတော့ ပြင်ရတော့မယ်ထင်ပါတယ် ရွှေညာမြေမှာ ချယ်ရီပန်းမပွင့်ပေမဲ့ ချယ်ရီပဲ ကတော့ ပွင့်လို့နေပါဘီ လို့...
Ref. Dr Khin Hnin Yee. Flora of Shwe Bo Township, 2010.
Wikipedia



 
Top