ဆီးဖြူ သီးကို တောရော မြို့ပါ မကျန် သိရှိ စားသုံးနေကြ ပါတယ်။ ဆီးဖြူသီးနဲ့ သက်ဆိုင်တဲ့ အဆို အမိန့် များလည်း အများ အပြားရှိ ကြပါတယ်။ ဆန်ကောထဲ ဆီးဖြူသီးလှိမ့် သလိုဆိုတဲ့ စကား ဟာလည်း လူသိများ၊ အသုံးများတဲ့ စကားဖြစ် ပါတယ်။ ကားစီး ခရီးသွားရာမှာ ကားလမ်း ကြမ်းတမ်းပြီး စီးတဲ့ခရီးသည် များဟိုယိမ်း၊ ဒီယိမ်းနဲ့ ယိမ်း ထိုးနေသလို ဖြစ်နေကြတဲ့ အတွက် တင်စား ပြောတဲ့စကားဖြစ်ပါတယ်။ နောက် ဆီးဖြူသီးကို အသိများတာ တစ်ခုကတော့ ဆီးဖြူ၊ ဖန်ခါး ရဟန်းစား.ဆိုတာပါ။
       ရဟန်း သံဃာ များမှာ နေ့လွဲ ညစာ မသုံးဆောင်ရ သော်လည်း ဆီးဖြူသီး၊ ဖန်ခါးသီးများကိုတော့ မြတ်စွာဘုရားက သုံးဆောင်ခွင့်ပြုထားတဲ့ ထူးခြားပြီး ဆေးဘက်ဝင် အသီး ဖြစ်ပါတယ်။ ဆီးဖြူသီးမှာ အချဉ်ဓာတ်နဲ့ အဖန် ဓာတ်ပါဝင်နေတဲ့ အတွက် တောထဲမှာ နေပူပူ ရေဆာနေတဲ့ အခါ ဆီးဖြူသီးကိုခူးစား ပြီး ရေသောက်လိုက်ရင် ခဏတာအတွင်း အမောပြေလန်းဆန်းသွားပြီး ချိုတဲ့အရသာပိုပြီး ခံစားရခြင်းပါဘဲ။ အညာဒေသရဲ့ အလေ့အထတစ်ခုက တောမြေပဲခင်းများကို မြေပဲမတူးမီ (ခြောက်လမြေပဲတူးချိန်မှာမြေမာနေပြီဖြစ်လို့ ထွန်မှာဓားတတ်ပြီး မြေပဲပင်အောက်မှဖြတ်မောင်းပေးပြီး အပင် ကို နှုတ်ယူစုပုံကြလေ့ရှိပါတယ်။
       အပင်လိုက် နှုတ်ယူတာကို အရပ်အခေါ် မြေပဲတူး တယ်လို့ခေါ်ကြပါတယ်။ အခင်းထဲမှာ မြွေဆိုးများရှိနေရင် အခင်းမှထွက်သွားစေဖို့ ဆိုပြီး (အမှန်ထွက်သွား၊ မသွားမသိရ သော်လည်း) ဆီးဖြူသီးများကို မြေပဲခင်းအနှံ့ ပတ်ကျဲပေးတဲ့ အလေ့အထလည်းရှိကြပါတယ်။ ဆီးဖြူသီးထောင်း၊ ဆီးဖြူသီးသနပ်၊ ဆီးဖြူသီးဆားစိမ်တို့ဟာလည်း မြန်မာ ထမင်းဝိုင်းမှာ မြင်တွေ့နိုင်တဲ့ ထမင်းမြိန်စေတဲ့ အစားအစာများဖြစ်ပါတယ်။ ဆီးဖြူသီးကို လူတိုင်းနည်းပါးသိရှိ စားသုံးဖူးကြပေမယ့် တခြားစားသုံးသီးနှံ များလို စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှု မရှိသေးပါ။
    အိမ်ခြံဝင်းများမှာတစ် ပင်စ၊ နှစ်ပင်စလောက်သာ စိုက်ပျိုးကြပြီး တောတောင်များမှာ သဘာဝအလျောက် ပေါက်နေတဲ့အပင်များမှအသီးများကို ခူးယူ ရောင်းချ စားသောက်နေကြတာဖြစ်ပါ တယ်။ ထူးခြားမှုအနေနဲ့ စစ်ကိုင်းတောင်ရိုး မှာရှိကြတဲ့ ချောင်လို့ခေါ်တဲ့ ဘုန်းတော်ကြီး ကျောင်းအများစုမှာ ဆီးဖြူသီးပင်များ၊ များစွာတွေ့နိုင်ကာ စစ်ကိုင်းတောင်ရိုးကထိန် များတွင် အထူးသဖြင့် တန်ဆောင်မုန်းလ ဆန်း ၁၄ ရက်(အဖိတ်နေ့) ညမှာ  ဘုန်းကြီး ကျောင်းတိုင်းက ငပိကြော်နဲ့ ဆီးဖြူသီးဆား စိမ်ကိုတွဲပြီး လာတဲ့ဧည့်သည်တိုင်းကို ကျွေးမွေးဧည့်ခံကြတာဟာ စစ်ကိုင်းတောင် ရိုး ကထိန်များရဲ့ ယဉ်ကျေးမှုတစ်ခုလိုဖြစ် နေပါတယ်။ (ယနေ့ကာလအခြေအနေကိုတော့မသိပါ)။ ဆီးဖြူသီးပင်ကို အင်္ဂလိပ် အမည်အနေနဲ Indian Gooseberry လို့ခေါ် သလို Emblic myrobalanလို့လည်း ခေါ်ကြပါတယ်။
    ဟင်ဒီ စကားဖြစ်တဲ့ Amla,  Aonla လို့လည်း ခေါ်ကြပါတယ်။ သိပ္ပံအမည် ကတော့ Emblica officinalis Gaertn  ဖြစ်ပြီး  အမည်ကွဲအဖြစ် Phyllanthus amblica လို့  လည်း ယခင်ကခေါ်ခဲ့ကြပါတယ်။ မျိုးရင်း ကတော့ ကြက်ဆူပင် မျိုးရင်း (Euphorbi-aceae)မှာ ပါဝင်ပါတယ်။ ဆီးဖြူသီးနဲ့ အမည်ဆင်တူ သင်္ဘောဆီးဖြူသီးပင်ဆိုတာ  ရှိပါသေးတယ်။ ဆီးဖြူသီးပင်နဲ့ မျိုးရင်းတူပါတယ်။ အင်္ဂလိပ်အမည်ကတော  Ota-heite  Gooseberry လို့ခေါ်ပြီး သိပ္ပံ အမည်မှာ Phyllanthus acida ဖြစ်ပါတယ်။
     ဆီးဖြူသီး ပင်ကို ယခင်ခေါ်ခဲ့တဲ့ Phyllanthus မျိုးစုတူ မှာပါဝင်ပြီး မျိုးစိတ်ကတော့ ခေငိေ ဖြစ်ပါတယ်။ (အလျဉ်းသင့်ရင် သင်္ဘောဆီးဖြူသီး ပင်အကြောင်း ဆွေးနွေး ပါဦးမယ်)။ ဆီးဖြူသီး ပင်ဟာ အပူပိုင်း ဒေသ သီးနှံပင်မျိုး ဖြစ်ကာ အရှေ့ တောင်အာရှဒေသ မူရင်း အဖြစ် သတ်မှတ်ကြပါတယ်။ အိန္ဒိယနိုင်ငံ၊ တရုတ် နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာ နိုင်ငံနဲ့ မလေးရှား နိုင်ငံ များမှာပေါက် ရောက်ကာ အိန္ဒိယနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသများမှာ မူရင်းအဖြစ်ယူဆကြပါတယ်။ မိုးရေချိန် ၆၃၀ မှ ၈၀၀ မီလီမီတာအတွင်း မှာ ကောင်းစွာဖြစ်ထွန်းပါတယ်။
       အပင်ငယ် စဉ်မှာ လေပူ၊ နေပူဒဏ်မှ အကာအကွယ် ပေးထားရန်လိုသကဲ့သို့ ဆီးနှင်းကိုလည်း ကာကွယ်ပေးထားရန်လိုပါတယ်။ အထူး ပြုစုယုယရန်မလိုတဲ့ အကြမ်းခံတဲ့ အပင်မျိုး ဖြစ်ကာ အပင်ကြီးများဟာ ရေခဲမှတ်ထိ အေးတဲ့ဒဏ်ကိုခံနိုင်သကဲ့သို့ အပူချိန်46HC  ထိပူပြင်းတဲ့ ဒဏ်ကိုလည်း ခံနိုင်ရည် ရှိပါတယ်။ အိန္ဒိယနိုင်ငံတွင် အသီးအရွယ်သေး ငယ်သည့် မျိုးများမှ အသီးအရွယ်ကြီးမား သည့်မျိုးများထိ မျိုးများကို ရွေးချယ်စိုက်ပျိုး စားသုံးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အသီးသေးမျိုးနဲ့ အလုံးကြီးမျိုးများရှိသကဲ့သို့ အသီးမှည့်အရောင်ပေါ်မူတည်ပြီး မျိုးကွဲများရှိကြပါတယ်။ ဆီးဖြူသီး ပင်ဟာ အပင်တစ်ပင်မှ အသီးများ လှိုင်လှိုင်(များစွာ)သီးနိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။
ဆီးဖြူသီးပင်ရဲ့ ရုပ်သွင်လက္ခဏာများ 
        ဆီးဖြူ သီးပင်ဟာ အပင်အရွယ်အ လယ်အလတ်ရှိပြီး နှစ်စဉ်ရွက်ေ<ကပင် အုပ်စုမှာပါဝင်သော်လည်း အရွက်အားလုံးကြွေကျမှုနည်းပါးပါတယ်။ အပင်အမြင့် ၈မှ ၁၈ မီတာထိရှိနိုင်ပြီး ကိုင်းများဘေးဘက် သို့ ပြန့်ကားထွက်နေလေ့ရှိပါတယ်။ပင် စည်ချောမွေ့ကာ အခေါက်မှာ ညိုဖျော့ရောင် ရှိပါတယ်။ပင်စည် အတွင်းသားမှာ အနီရောင် ဖြစ်ပါတယ်။ ဆီးဖြူပင်မှကိုင်း အမျိုး အစား နှစ်မျိုးထွက်ပါတယ်။ ပထမ အမျိုး ကတော့ ပထမ ကိုင်းလို့ ခေါ်နိုင်တဲ့ ဆက်လက် ကြီးထွားနေတဲ့ (Indeterminate) ကိုင်းနဲ့  ဒုတိယအမျိုးအစားကတော့ ပထမကိုင်း ပေါ်မှထပ်ထွက်လာတဲ့ ဆက်မကြီးနိုင်တဲ့ (Determinate) ကိုင်းများဖြစ်ပါတယ်။
        ပထမကိုင်း များဟာ ရှည်လျားပြီး ရာသီ အလိုက် ထိပ်ညွန့်မှ ဆက်ကြီးထွား နေပါတယ်။ အပင်ပေါ်မှ အကိုင်းကြွေကျလေ့ မရှိသကဲ့သို့ အသီးသီးမှုလည်းမရှိပါ။ ဒုတိယ ကိုင်းများပေါ်မှာ ပန်းခိုင်ထွက်၊ ပန်းပွင့် အသီးသီးကြတာဖြစ်ပါတယ်။ အရွက်များ ဟာ ရိုးရိုးရွက်များသာဖြစ်ကာ ရွက်ရိုးမဲ့ နည်းပါးတွေ့ရပါတယ်။ ၀ိုင်းရှည်ပုံ  သေးငယ်တဲ့ အရွက်များဖြစ်ကြကာ ရွက်ပြား အကျယ် ၃ မီလီမီတာ၊ အရှည် ၁ ဒသမ  ၂၅ မှ ၂ စင်တီမီတာခန့်ရှိပါတယ်။ အရွက်များ ဟာ သေးငယ်တဲ့ ဘေးကိုင်းများပေါ်မှာ နှစ်တန်းပြိုင်ထွက်နေတဲ့အတွက် ငှက်မွှေး ရွက် ပေါင်းသဏ္ဌာန် တွေ့မြင်နေရပါတယ်။
         ဆီးဖြူရွက် အနံ့မှာ သံပုယိုရွက် အနံ့နှင့် ဆင်တူ ပါတယ်။ ပန်းပွင့် အရွယ်သေး ငယ်ပြီး အရောင် စိမ်းဝါရောင် ရှိကာ အကိုင်းပေါ်ရှိအောက် ဘက်ပိုင်းအရွက်များကြားမှာ စုပြီး ပွင့်ကြပါတယ်။ တစ်ပင်တည်းမှာပင် အဖို ပွင့်နဲ့ အမပွင့် နှစ်မျိုးပွင့်ပါတယ်။ အဖိုပွင့်များဟာ အကိုင်းရင်းဘက်(အကိုင်းရဲ့ အောက်ဘက်)ပိုင်းမှာ စုထွက်လေ့ရှိပြီး အမ ပွင့်များ ကတော့ အကိုင်းရဲ့ အဖျား ဘက်ပိုင်းမှာ တစ်ပွင့်ချင်း သို့မဟုတ် အဖိုပွင့်နဲ့  တွဲလျက် ထွက်လေ့ရှိကြပါတယ်။ တစ်ခါ တစ်ရံ လိင်စုံပွင့်များကိုလည်း တွေ့ရတတ်ပါတယ်။ ပန်းပွင့်အရွယ်သေး ငယ်ပြီး ပန်းပွင့် အရောင်မှာ မျိုးအလိုက် စိမ်းဝါရောင် သို့မဟုတ် ပန်းရောင်ရှိပါတယ်။ ၀တ်မှုန်သုံး ခုပါပြီး အမပွင့်များမှာအရွယ်သေးငယ်ကြ ပြီး အစိမ်းရောင်ရှိပါတယ်။
      အစေ့အိမ် အခန်း သုံးခန်းပါပြီး တစ်ခန်းမှာ အစေ့ လောင်း နှစ်ခုစီပါဝင်ပါတယ်။ အသီးများမှာ လုံးဝိုင်းပုံဖြစ်ပါတယ်။ အသီးငယ်စဉ်မှာ အဖြူရောင်ရှိပြီး ရင့်မှည့်လာတဲ့အခါ အရောင်မှာ အ၀ါဖျော့ရောင်၊ စိမ်းဝါရောင် တစ်ခါတစ်ရံ အနီရောင်သန်းလာတတ်ပါတယ်။ သီးညှာမဲ့နည်းပါးဖြစ်နေပါတယ်။ အသီးအရွယ်အစားမှာ မျိုးပေါ်မူတည်ပြီး အချင်း ၂ ဒသမ ၅ မှ ၅ စင်တီမီတာထိရှိနိုင်ပါတယ်။ အသီးခွံပါးလွှာကာ အသား မှာကျွတ်ဆပ်ကာ အရည်ရွှမ်းနေတတ်ပါ တယ်။ အသီးပေါ်မှာ အလျားလိုက် မြောင်း တန်း ခြောက်ခုတွေ့ရပါတယ်။ အသား အောက်မှာ ခြောက်ဒေါင့်ပုံစုပေါင်းနေတဲ့ အစေ့ကိုတွေ့ရပြီး အစေ့ငယ်ခြောက်စေ့ ပါဝင်ပါတယ်။
စိုက်ပျိုး ဖြစ်ထွန်းနိုင်မှု
      ဆီးဖြူသီးပင်ဟာ သဲမြေမှအပ မြေအမျိုးအစားအားလုံးနီးပါးတွင် စိုက်ပျိုးဖြစ် ထွန်းနိုင်ပါတယ်။ ခြောက်သွေ့တဲ့ ဒေသများ မှာပင် ရှင်သန်ဖြစထွန်းနိုင်ပြီး မြေချဉ်ငံ ဓာတ်(စံ) ၉ ဒသမ ၅ ရှိသည့်မြေငံများမှာပင် စိုက်ပျိုးနိုင်ပါတယ်။ ပန်းပွင့်ချိန်တွင် ပူနွေးခြောက်သွေ့သည့်ရာသီဥတုကို ကြိုက်နှစ် သက်ပါတယ်။ ပူပြင်းတဲ့ နွေရာသီမှာ သီးကင်းဝင်ပြီးစ အသီးများဟာ ရက် ၁၀၀ ခန့် ကြီးထွားမှုမရှိဘဲ ငြိမ်သက်နေတတ်ပါတယ်။ (အသီးကြီးထွားမှု ရပ်တန့်နေတတ် ပါတယ်)။ အသီးများဟာ အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ် အတွင်းမှာ ကောင်းစွာ  ကြီးထွား ဖွံ့ဖြိုးကြပါတယ်။ဇန်န၀ါရီနဲ့ ဖေဖော် ၀ါရီလများမှာမိုးရွာပါက အညွန့်သစ်များ ထွက်စေနိုင်ပြီးဇွန်လမှာရွာတဲ့မိုးဟာ အစေ့ အိမ် ကြီးထွားမှုကို အားပေးစေပါတယ်။
စိုက်ပျိုးပြုစုနည်းများ
     မြန်မာနိုင်ငံတွင် ဆီးဖြူသီး ပင်ကို အစေ့မှသာ မျိုးပွားစိုက်ပျိုးနေကြပါတယ်။ ဆီးဖြူသီးမျိုးစေ့ဟာ ငုပ်ချိန်(နားချိန်) (Do-rmancy)ရှိပါတယ်။ အသီးမှထုတ်ယူပြီး ချက်ချင်းအပင်မပေါက်ပါ။ မျိုးစေ့များကို အချိန်ကြာကြာ သိမ်းထားနိုင်ပါတယ်။ သီရိလင်္ကာနိုင်ငံတွင် စမ်းသပ်ခဲ့မှုအရ၊ ဆီးဖြူစေ့ မှ အပင်ပေါက်မြန်စေရန် အစေ့ခွံ ကို ပွတ်တိုက်စားစေပြီး ၁ ရာခိုင်နှုန်း ပြင်းအား ဂျစ်ဘရာလင်ဟော်မုန်းရည် (Gibberellic acid (GA3) တွင်စိမ်၍ ပျိုးထောင် ပေးပါက ၄၃ ရာခိုင်နှုန်း အပင်ပေါက် နိုင်ကြောင်းတွေ့ ရပါတယ်။ အိန္ဒိယနိုင်ငံမှာမူ အဖူးမြှုပ် မျိုးပွားနည်းဖြင့် ရွေးချယ်ထားတဲ့ မျိုးများကို မျိုးပွား စိုက်ပျိုးကြပါတယ်။ မျိုးပွားရန်အချိန် အဖြစ် ဖေဖော်ဝါရီလတွင်တစ်ကြိမ်နဲ့ ဇွန်မှ သြဂုတ်လအတွင်း တစ်ကြိမ် စိုက်ပျိုးရန် သင့်တော်ကြောင်းတွေ့ရပါတယ်။
       ပျိုးပင် များကို အတန်းကြား၊ အပင်ခြား ၂၀ မှ ၂၅ ပေ ထားစိုက်လေ့ရှိပါတယ်။ အပင်ငယ်စဉ် ရေသွင်း၊ ရေလောင်းပေးသင့်ပြီး သ
ဘာဝနဲ့ ဓာတ်မြေသြဇာများကိုလည်းကျွေးပေးသင့် ပါတယ်။ အပင်သက် ခြောက်နှစ်သား ရောက်သော် အသီး စတင်သီးနိုင်ပါတယ်။ အဖူးမြှုပ် မျိုးပွားထားတဲ့ အပင်များ မှာ အစေ့စိုက်အပင်များထက် စောပွင့်သီး နိုင်ပါတယ်။ အပင်သက် ၁၀ နှစ်မှ ၁၂ နှစ်သားအရွယ်ရောက်သော် သီးအားကောင်း လာပြီး အထွက်ကောင်းလာပါတယ်။ အသီး များ ရင့်မှည့်မှုကို အသီးအရောင်ကြည့်၍ဖြစ်စေ၊ အစေ့အရောင် အဖြူမှ အနက် ရောင်သို့ ပြောင်းလဲလာခြင်းဖြင့်ဖြစ်စေ သိနိုင်ပါတယ်။
     နိုဝင်ဘာ၊ ဒီဇင်ဘာလများ မှာ အသီးများ ဖြိုင်ဖြိုင်မှည့်လေ့ရှိပါတယ်။ အပင်ကြီးတစ်ပင်မှ အသီးအလေးချိန် ၁၀၀မှ ၃၀၀ ကီလိုဂရမ်ထိ သီးထွက်ရနိုင်ပါ တယ်။ ကောင်းစွာပြုစု စိုက်ပျိုးပါက အပင် သက်တမ်း ၆၀ မှ ၇၅ နှစ်ထိရှည်စွာ ပွင့်သီး နိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။ အသီးရင့်များ ကို အပူချိန် ၅ မှ ၇ ဒီဂရီစင်တီဂရိတ်မှာ နှစ်လ ထိကောင်းစွာ သိုလှောင်ထားနိုင်ပါတယ်။ သို့သော် မျိုးပေါ်မူတည်ပြီး ရင့်မှည့်နေတဲ့ ဆီးဖြူသီးများကို သာမန်အခန်းအပူချိန်မှာ ၇ မှ ၁၀ ရက်ထိသာ အထားခံပါတယ်။ အိန္ဒိယနိုင်ငံ၊သီရိလင်္ကာနိုင်ငံများမှာ ဆီးဖြူ ပင်ကို စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။ ဆီးဖြူ ပင်စိုက်တန်းများကြားမှာ နနွင်း၊ ဂျင်း၊ ပဲတီ စိမ်း၊ ပဲလွန်း စတဲ့အပင်များကို ကြားသီးနှံ အဖြစ် စိုက်ပျိုးကြကြောင်း သိရပါတယ်။
အာဟာရ ဓာတ်ပါဝင်မှု
       ဆီးဖြူသီးမှာ ဗီတာမင်စီဓာတ်၊ သံဓာတ်၊ ထုံးဓာတ်၊ ဖော့စပါးရပ်ဓာတ်နှင့် ပက်တင်ဓာတ်များ <ကယ်ဝစွာ ပါဝင်ကာ ပန်းသီးထက်ပရိုတိန်းဓာတ်ပါဝင်မှု သုံးဆ နှင့် အက်စ်ကောဘစ်အက်ဆစ်(ဗီတာမင်စီ ဓာတ်) ပါဝင်မှုတွင် ပန်းသီးထက်အဆ ၁၆၀ ပါဝင်သည်ဟု ဖော်ပြကြပါတယ်။ တခြား သတ္ထုဓာတ်များနှင့် အမိုင်နိုအက် ဆစ်ဓာတ် များ ပါဝင်မှုမှာလည်း ပန်းသီးထက်များ သည်ဟုဆိုကြပါတယ်။ အသီး အလေးချိန် ၁၀၀ ဂရမ်တွင် ပါဝင်သည့် အာဟာရဓာတ် များမှာ ရေ ၈၁ ဒသမ ၂ ရာခိုင်နှုန်း၊ ပရိုတိန်း ဓာတ် သုညဒသမ ၅ ရာခိုင်နှုန်း၊ အဆီ သုည ဒသမ ၁ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်း၊ ထုံးဓာတ် သုည ဒသမ ၀၅ ရာခိုင်နှုန်း၊ဖော့စပါးရပ်ဓာတ် သုည ဒသမ ၀၂ ရာခိုင်နှုန်း၊ သံဓာတ် ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ ၁၃၀ မီလီဂရမ်၊ ဗီတာမင်စီ ၆၀၀မှ၈၀၀ မီလီဂရမ်၊ နီကိုတင်းနစ်အက်ဆစ် သုညဒသမ ၃ မီလီဂရမ်၊ ကယ်လိုရီ ၅၉ တို့ဖြစ်ပါတယ်။
အသုံးပြုမှုများ
       ဆီးဖြူသီး၏ အသီး၊ အစေ့၊ အခေါက်၊ အပွင့်နှင့် အမြစ်အားလုံးကို တိုင်းရင်း ဆေးဝါးများတွင် အသုံးပြုကြပါတယ်။ အိန္ဒိယနိုင်ငံ၏အာယုဗ္ဗေဒဆေးနည်းများ တွင် ဆီးဖြူသီးပင်အသုံးဝင်မှုများကို ကျယ်ပြန့်စွာဖော်ပြထားပါတယ်။ အသီးမှာ ချဉ်၊ဖန် ဓာတ်ရှိပြီး ဆီးရွှင်ဆေး၊ ၀မ်းနှုတ်ဆေး အဖြစ် အသုံးပြုကြသကဲ့သို့ သွေးသန့်ဆေး အဖြစ်လည်း သုံးကြပါတယ်။  အသည်းကြီး ရောဂါ၊ အသည်းနှင့် ဆိုင်သည့် ရောဂါများ ကို ကုသရာတွင်အသုံးဝင်သကဲ့သို့ ခေါင်း ကိုက်ရောဂါနှင့် ၀မ်းချုပ်ရောဂါများကို လည်း ကုသနိုင်တယ်လို့ဆိုပါတယ်။ ဆီးဖြူ သီးစားသုံးပေးခြင်းဖြင့် အမောခံနိုင်ပြီး အသားအရေကိုလည်း ကြည်လင်စေနိုင်ပါ တယ်။ ဆီးဖြူသီးဟာ ဆံပင်ကောင်းစေကာ ဦးရေကိုအေးမြစေပြီး ဆံပင်ပါးခြင်း၊ ကျွတ် ခြင်းကို ကာကွယ်ပေးနိုင်သကဲ့သို့ သန်းနှင့် ဘောက်များကိုလည်း ပျောက်ကင်းစေနိုင် သဖြင့် အသီးကိုခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီများဖော်စပ်ရာတွင် အသုံးပြုကြ ကြောင်း သိရပါတယ်။
        ဆံပင်ပါးခြင်း၊  ကျွတ် ခြင်း၊ ဖြူခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံသူများရဲ့ ဆံကေသာများ နက်မှောင်သန်စွမ်းခြင်းဟာ ဆီးဖြူအသုံးပြုမှု ကြောင့်လို့ ပြောကြပါတယ်။ ဒါ့အပြင် ဆီးဖြူရွက်ကိုရှူပါက ခေါင်းမူးသက်သာ စေနိုင်သကဲ့သို့ အခေါက်သည်သွေးအား ကောင်းစေနိုင်ကြောင်း တွေ့ရပါတယ်။ ဆီးချိုရောဂါအတွက် ကောင်းသကဲ့သို့ မျိုး အောင်ရန်အတွက်လည်း အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။ ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့အတွက် အသည်းရောဂါများ ကာကွယ်ကုသရာတွင်လည်းအသုံးပြု ကြောင်းသိရပါတယ်။       တြိဖလ ခေါ်တဲ့ ဆီးဖြူသီး၊ ဖန်ခါးသီးနဲ့ ကြစုသီး သုံးမျိုးကို ရောဖော်ထားတဲ့ ဆေးဟာ မြန်မာတိုင်းရင်း ဆေးမှာလည်း နာမည်ကြီးဆေးဖြစ်ပါ တယ်။
          အရွယ်ကိုနုပျိုစေနိုင်ကြောင်းနဲ့ အူရောင်မှု၊ ၀မ်းသွားမှု၊ ၀မ်းချုပ်မှုများကို ကာကွယ်နိုင်ပါတယ်။ အသီးကို အစေ့ထုတ်ကာ အခြောက်လှမ်း၍ ဈေးကွက်သို့ တင်ပို့ ရောင်းချ ကြကြောင်း တွေ့ရပါတယ်။ အမြစ်နှင့် အရွက်ကို သွားကိုက်ပျောက်ဆေးအဖြစ်သုံးနိုင် ပါတယ်။ အခေါက်ကို ဆိုးဆေး အဖြစ်လည်း သုံးနိုင်ပါကြောင်းရေးသားလိုက်ရပါတယ်။
- ဒေါက်တာ စိန်လှဗိုလ် မြန်မာတောင်သူကြီးများ ဂျာနယ်
 
Top