ခိုင်တိုစန်သည် အင်္ဂလိပ်စကား Chitosan ဖြစ်သည်။ Chitin ခိုင်တင် ဓာတ်ကို deacetylation process ဟု ခေါ်သော acetyl CH3 CO ဓာတ်ပေါင်းကို ဖယ်ထုတ်ခြင်းနည်းဖြင့် Chitosan ကို ရရှိသည်။ Chitin သည် ပြင်သစ်စကား Chitine မှလာပြီး မူရင်းအနေဖြင့် ဂရိစကား Chiton (Covering) ကာကွယ်ထားသော အဖုံးအကာဖြစ်သော စကားမှ ဆင်းသက်လာဟန်ရှိသည်။


မူရင်းအနေဖြင့် ခိုင်တင်ဓာတ်ပေါင်းမှတဆင့် ဓာတ်ပြုမှုတချို့ ပြုလုပ်ရာမှ ခိုင်တိုစန် (ယခုကျနော်တို့ အသုံးပြုနိုင်သော) ကို ရရှိသည်ဟု အလွယ်မှတ်သားနိုင်သည်။ သို့ဖြစ်ရာ ခိုင်တင်ဓာတ်ကို အနည်းငယ်လေ့လာကြည့်ပါက ခိုင်တင်ကို ရေနေ အခွံမာကောင်းများ ဂဏန်း၊ ပုဇွန်၊ ခရု၊ ကမာ၊ ပြည်ကြီးငါး၊ ရေဘ၀ဲ စသည်တို့၏ အခွံများတွင်လည်းကောင်း၊ အတွင်းခွံနှင့် အတွင်းသာ အမာခံများတွင် လည်းကောင်း တွေ့ရှိရသည်။
ထို့ပြင် အင်းဆက်များ၏ အခွံ၊ တောင်ပံ၊ ကိုယ်အစိတ်အပိုင်း အများစုတွင်လည်း ထိုခိုင်တင်ဓာတ်ကို အမြောက်အများ တွေ့ရှိနိုင်သည်။ မှိုများ၏ ဆဲလ်နံရံများတွင်လည်း အဆိုပါ ခိုင်တင်ဓာတ်ကို တွေ့ရှိနိုင်သည်။
သို့သော် ခိုင်တိုစန် ထုတ်ကုန် အနေဖြင့် စီးပွားဖြစ် ထုတ်ယူလျက်ရှိသော ခိုင်တင်ဓာတ်မှာ အမျာစုအားဖြင့် လယ်ဂဏန်း၏ အခွံမာမှ ဖြစ်သည်။

     ခိုင်တိုစန်ထုတ်ကုန်ကို များစွာသော ရည်ရွယ်ချက်များဖြင့် နေရာအနှံအပြားတွင် ထုတ်လုပ်သုံးစွဲနေခဲ့ကြသည်။ စားသောက်ကုန်လုပ်ငန်းများ၊ ၀ိုင်အရက် ကောင်းမွန်စေရန် ပြုလုပ်ရာတွင်လည်းကောင်း၊ အလှကုန်သုံးဆိုင်ရာ၊ ဓာတုဆေးဝါးဆိုင်ရာ၊ ဇီဝဆေးဘက်ဆိုင်ရာ၊ ရေသန့်စင်ခြင်းဆိုင်ရာ၊ စိုက်ပျိုးရေးသုံးကုန်း စသဖြင့် ကဏ္ဍအလိုက် အသုံးတွင်ကျယ်လျက်ရှိသည်။ အ၀လွန်ရောဂါ၊ ကိုလက်စထရော မြင့်ခြင်းဆိုင်ရာ ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အိပ်မပျော်ရောဂါ၊ သွားခံတွင်းဆိုင်ရာ ရောဂါ စသည်တို့ကို ခိုင်တင်ကို အသုံးပြုပြီး အဆင့်မြင့်နည်းပညာဖြင့် ကုသလျက်ရှိသည်။ အချို့ဆေးဝါးများ၏ အပြင်ခွံကို ခိုင်တင်အသုံးပြုပြီး ထုတ်လုပ်နေခြင်းမျိုးလည်း ရှိသည်။ ထိုသို့ များစွာသော အသုံးများတွင် ယခု ဆောင်းပါးသည် စိုက်ပျိုးရေးဆိုင်ရာ အကြောင်းခြင်းရာများကိုသာ ဦးစားပေး ဆွေးနွေးမည်ဖြစ်သည်။

      ခိုင်တိုစန်ကို စိုက်ပျိုးရေးတွင် များစွာတွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသော်ငြား တောင်သူများအနေဖြင့် အသိပညာ ဗဟုသုတ နည်းပါးလျက်ရှိသည်။ နိုင်ငံခြားမှ တင်သွင်းလျက်ရှိသော ခိုင်တိုစန်ဆေးများမှာလည်း တံဆိပ်အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ရှိသော်လည်း တောင်သူများမှာ စရိတ်စက ကြီးမြင့်စွာ ပေးဝယ်နေရလျက် ၄င်းတို့၏ ထုတ်လုပ်နည်းစနစ် မှန်ကန်မှု တိကျမှု ရှိမရှိကား တိကျသေချာစွာ သိရှိနိုင်မည့် စမ်းသပ်စစ်ဆေးမှုများကို မြန်မာနိုင်ငံတွင် မပြုလုပ်နိုင်ပေ။ ထို့ကြောင့် ကိုယ်တိုင် မလုပ်နိုင်သောကြောင့် ဈေးကြီးသော်လည်း လယ်ယာသီးနှံအတွက် ကောင်းမည်ထင်ပြီး အကျိုးအကြောင်း များစွာမသိလျက် ၀ယ်ယူနေရပေသည်။ အမှန်အားဖြင့်လည်း မည်သို့သော ပညာရှင်များက ခိုင်တိုစန်ကို မည်သို့မည်ပုံ ရရှိနိုင်သည်ကို ထုတ်ဖော်ပြောကြားခြင်း အလျင်းမရှိခဲ့ပေ။ ကျနော်သည် ပညာရှင်တယောက် မဟုတ်သော်ငြား မိမိလေ့လာနိုင်သလောက် လက်လှမ်းမှီသမျှဖြင့် ယခုဆောင်းပါးကို ရေးသားလိုက်ရခြင်း ဖြစ်သည်။ အမှားအယွင်းများ မပြည့်စုံမှုများ ရှိခဲ့ပါလျှင် ပညာရှင်များအနေဖြင့် ကရုဏာသက်စွာဖြင့် အပြုသဘောဆောင် ဝေဖန်အကြံပေးမှုများကို ပေးသနားပါရန် အထူးတောင်းပန်အပ်ပါသည်။

        ခိုင်တိုစန်ကို စိုက်ပျိုးရေး နယ်ပယ်တွင် များစွာသော သုတေသန ပြုချက်များကို ၂၀ရာစုနှောင်းပိုင်းမှစတင်ခဲ့ကာ ယခုအချိန်တွင် ခိုင်တိုစန်၏ များစွာသော အကျိုးကျေးဇူးများကို သိရှိပြီး ဖြစ်သည်။ ၄င်းတို့အနက်မှ သိသာထင်ရှားသောအချက်များကို ဖော်ပြသွားပေမည်။

၁။ အပင်၏ ဇီဝကမ်မဖြစ်စဉ်အရ SAR (Systematic Acquired Resistance) စနစ်တကျခုခံမှုစနစ် သည် အပင်တိုင်းအတွက် အလွန်အရေးပါသော ဇီဝဖြစ်စဉ်ဖြစ်သည်။ ထိုဖြစ်စဉ်ကို ခိုင်တိုစန်က လှုံ့ဆော်ပေးခြင်းဖြင့် ဖျူစေရီယမ် ပင်ညှိုးရောဂါ/မြစ်ပုပ်ရောဂါ၊ Botrytis မီးခိုးမှိုရောဂါ၊ Late Blight နှောင်းပင်နာကျရောဂါ/ ဖိုင်တိုသိုရာ မှိုရောဂါ၊ Powdery Mildew ဖားဥမှိုရောဂါ၊ Downy Mildew မှိုစက်ပြောက် ရောဂါ၊ စသည်တို့အပြင် အမြစ် နီမတုတ် ရောဂါ တို့ကိုလည်း ကာကွယ်စေသည်။

၂။ ထို့ပြင် ဖျက်ပိုး၊ အင်းဆက်၊ ဗိုင်းရပ်စ်၊ မြေအောင်းပိုးရောဂါ များကို ကာကွယ်ခုခံနိုင်စွမ်းရှိသည်။

၃။ မျိုးစေ့စိမ်ရာတွင် အသုံးပြုခြင်းဖြင့်လည်း ပေါက်အားကောင်းပြီး အမြစ်ထွက်နှုန်းကောင်းစေသည်။ အပင်ကြီးထွားနှုန်းကို ပိုမိုစေသည်။

၎။ ရွက်ဖြန်း အသုံးပြုခြင်းဖြင့် ရေငွေ့ပြန်ခြင်းဖြစ်စဉ်ကို အလဟသ မဖြစ်စေဘဲ အတိုင်းအတာတခုအထိ ထိန်းချုပ်ပေးနိုင်သောကြောင့် ရေဆုံးရှုံးမှုကို ကာကွယ်စေသည်။

၅။ ရွက်ဖြန်းအဖြစ် အသုံးပြုရာတွင် အရွက်၊ အပွင့်၊ အဖူး၊ အသီးတို့ အပေါ်တွင် ပါးလွှာသော ဖယောင်းလွှာအသွင် ဖြစ်စေပြီး ပြင်ပမှ ရောဂါ ဖျက်ပိုးတို့ကို ကာကွယ်ပေးသော ဒိုင်းကဲ့သို့ ဖြစ်စေသည်။

၆။ အလင်းဖြစ် အစာချက်ခြင်း ဖြစ်စဉ်ကို အားမြှင့်ကူညီပေးသောကြောင့် အပင်ကြီးထွားနှုန်း၊ အသီးတင်နှုန်း မြင့်မားစေသည်။

၇။ မြေပြင်ရာတွင် အသုံးပြုခြင်းဖြင့် မြေဆီလွှာ အဏုဇီဝတို့နှင့် သဟဇီဝနကျစွာ ဇီဝဖြစ်စဉ်တို့ တိုးတက်ကောင်းမွန်စေသောကြောင့် အပင်အတွက် လိုအပ်သော အာဟာရများ ပေးစွမ်စေရန် ကူညီပေးသည်။

၈။ မြေဆီလွှာတွင် ခိုင်တိုစန်များ ကြွယ်ဝစေခြင်းဖြင့် မိုးခေါင်၊ ရေများ စသော သဘ၀ဥတုဖောက်ပြန်မှု ၏ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်စေသော နောက်ဆက်တွဲ အပင်ဒဏ်ဖြစ်စေမှုများကို သက်သာစေသည်။ မြေဆီလွှာတွင် အာဟာရချို့တဲ့မှု နောက်ဆက်တွဲ အပင်ရောဂါဖြစ်စေနိုင်မှုများကို လျော့ပါးစေသည်။

၉။ ခိုင်တိုစန် ရွက်ဖြန်းအသုံးပြုခြင်းဖြင့် အသီး၊ အပွင့်၊ အရွက်တို့၏ သက်တမ်းကို ကြာရှည်ခံစေသောကြောင့် ဈေးကွက်တွင် မျက်နှာပန်းလှသည်။

           ထိုသို့ အကျိုးကျေးဇူး များလှသော ခိုင်တိုစန်ကို မည်သို့မည်ပုံ ပြုလုပ်သည်ကို သိရှိသင့်ပေသည်။ အထက်ကဖော်ပြခဲ့သလို ခိုင်တင်ဓာတ်ပေါင်းမှ ဓာတ်ပြုမှု အနည်းငယ်ပြုလုပ်ရာမှ ခိုင်တိုစန်ကို ရရှိကြောင်း အကြမ်းဖျဉ်းသိရှိထားပြီး ဖြစ်သည်။ သဘာဝအားဖြင့် ခိုင်တင်ဓာတ်ရှိသော အထက်က ဖော်ပြခဲ့သည့် ရေနေ အခွံမာ၊ အင်းဆက်၊ မှိုတို့သည် သဘာဝတွင် ပေါများစွာ တည်ရှိပြီး ၄င်းတို့ သေကြေ ပျက်စီးရာမှာ တဖြည်းဖြည်းဆွေးမြေ့ပြီး သဘာဝ အဏုဇီဝ အင်ဇိုင်းများက အဆင့်ဆင့် ချေဖျက်ဓာတ်ပြုကြခြင်းဖြင့် ခိုင်တိုစန်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းကို ပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ကြပြီးဖြစ်သည်။ အဆိုပါ ဖြစ်စဉ်သည် အချိန်ကာလအလိုက် ကြာမြင့်လွန်းပြီး တခြားသော ဓာတ်ပေါင်းများသို့လည်း ကူးပြောင်းနိုင်သောကြောင့် လူက ပြုပြင်ဖန်တီးနိုင်သော နည်းလမ်းကို ရှာဖွေရပေမည်။

         ခိုင်တင်မှသည် ခိုင်တိုစန်သို့ ဓာတ်ပြုပြောင်းလဲစေခြင်းတွင် ဓာတုနည်း ဇီဝနည်းအားဖြင့် ၂မျိုး တွေ့ရှိရပေသည်။ ယခုလက်ရှိ စီးပွားဖြစ်ထုတ်လုပ်လျက်ရှိသောနည်းမှာ ဓာတုနည်းဖြစ်သည်။ တောင်သူများအနေဖြင့် ပိုပြီး အဆင်ပြေသောနည်းမှာ ဘေးကင်းသော ဇီဝနည်းဖြစ်သည်။ သို့သော် ကျနော်သည် မိမိလေ့လာတွေ့ရှိသည်ကို မချွင်းမချန် ဖော်ပြစေသော စေတနာဖြင့် ၂မျိုးလုံးကို ဖော်ပြလိုက်ပါသည်။ ဖော်ပြပါ နည်း ၂မျိုးတွင် ဂဏန်းခွံတမျိုးတည်းကိုသာ ဥပမာပေး ဖော်ပြသွားပေမည်။ ကျန် ခိုင်တင်ဓာတ်ရှိသော အရာများကိုမူ မိမိတို့ ၀န်းကျင် မိမိ၏ လုပ်ဆောင်နိုင်မှု စွမ်းရည် ဥာဏ်ရည်တို့ပေါ် မူတည်ပြီး ဆက်လက်လေ့လာကြနိုင်ကြပါစေ။

ဓာတုနည်းဖြင့် ခိုင်တင်မှ ခိုင်တိုစန်သို့ နည်းလမ်း ၁

ဓာတုနည်းဖြင့် ပြုလုပ်ခြင်းသည် ဆိုဒါ အက်ဆစ်များ အပူများကို ကိုင်တွယ်ရသည်ဖြစ်သောကြောင့် ကိရိယာ စုံလင်မှုရှိရန် လိုအပ်ရုံမျှမက မိမိကိုင်တွယ်သော အရာတို့၏ ဘေးဥပဒ်ကိုလည်း ကနဦးတည်းက သိရှိနားလည်ပြီး ဖြစ်ရန် လိုအပ်ပေသည်။

လိုအပ်သော အရာများ
ဂဏန်းခွံ ၁၀၀ ဂရမ်
4 % HCl (ဟိုက်ဒရို ကလိုရစ် အက်ဆစ် ၄ ရာခိုင်နှုန်း) ၁၄၀၀ ဂရမ် ( ၁. ၄လီတာ)
5% NaOH (ကော့စတစ် ဆိုဒါ ၅ ရာခိုင်နှုန်း) ၁၂၀၀ ဂရမ် (၁. ၂ လီတာ)
70% NaOH (ကော့စတစ် ဆိုဒါ ၇၀ ရာခိုင်နှုန်း) ၁၄၀၀ ဂရမ် (၁. ၄ လီတာ)
အလေးချိန်ရန် ချိန်ခွင်
တိုင်းတာရန် ခွက်၊ ပိုက် စသည်
အပူပေးရန် မီးဖို (အပူချိန်ပါ ကြည့်နိုင်သော)

၁။ အခန်းအပူချိန်တွင် (ဂဏန်းအခွံအတွင်းမှ ဂဏန်းအသားတို့ ဖယ်ပြီးသား) အခွံများ ၁၀၀ ဂရမ် (၆ကျပ်သား ၀န်းကျင်) ကို ဟိုက်ဒရို ကလိုရစ် အက်ဆစ် ၄ ရာခိုင်နှုန်း ၁. ၄ လီတာတွင် ၃၆ နာရီ စိမ်ပါ။ ပြီးလျှင် ရေသန့်ဖြင့် ဆေးပြီး အခွံများကို ဆယ်ယူပါ။ (ကယ်စီယမ် ကလိုရိုဒ်ကဲ့သို့ minerals ဓာတ်ဆားများကို သန့်စင်သောအဆင့်ဖြစ်သည်။)

၂။ မီးဖိုထဲတွင် ၉၀ ဒီဂရီစင်တီဂရိတ် အပူချိန်တွင် ချိန်ပြီး ကော့စတစ် ဆိုဒါ ၅ ရာခိုင်နှုန်း ၁. ၂ လီတာတွင် အထက်ပါ ဂဏန်းခွံများကို ၂၄ နာရီ စိမ်ပါ။ ပြီးနောက် ရေသန့်ဖြင့် ဆေးပြီး အခွံများကို ဆယ်ယူပါ။ ထို့နောက် နေဖြင့် အခြောက်ခံပါ။ (ပရိုတိန်းများကို ဖယ်သော အဆင့်ဖြစ်သည်။ ယခုအဆင့်တွင် သန့်စင်သော ခိုင်တင်ကို ရရှိသည်။)

၃။ အခန်း အပူချိန်တွင်ပင် ရရှိသော ခိုင်တင်ကို ခိုင်တိုစန်အဖြစ်ပြောင်းရန် ကော့စတစ် ဆိုဒါ ၇၀ ရာခိုင်နှုန်း ၁. ၄ လီတာတွင် ၇၂ နာရီ စိမ်ပါ။ မကြာမကြာ မွှေပေးနေရန် လိုအပ်သည်။ ပြီးနောက် ရေသန့်ဖြင့် ဆေးပြီး အခွံများကို စစ်ပြီး ဆယ်ယူပါ။ ထို့နောက် နေဖြင့် အခြောက်ခံပါ။ ခိုင်တိုစန် သန့်စင်နှုန်း ၇၀% ၀န်းကျင်ကို ရရှိပေမည်။ မိမိရရှိသော ကုန်ကြမ်း ပြုလုပ်မှု သေသပ်မှု စသည့်အချက်များပေါ်မူတည်သည်။ ရေရှည် ထိန်းသိမ်းထားရန်အတွက် ရေသန့်ဖြင့် ၂% ခိုင်တိုစန်ကို ရောစပ်ထားရှိရမည်။ နောက်ဆုံးရရှိသော ခိုင်တိုစန်ကို ရေသန့် အဆ ၃၀ မှ ၅၀ ခန့် ရောစပ်ထားရှိရမည်။ ရေသန့်အစား ရှာလကာရည်ကို သုံးလျှင် ပိုအကျိုးထူးသည်။

အထက်ပါ နည်းစနစ်သည် စက်ရုံသုံးနည်းဖြစ်ပြီး လိုအပ်သော ကိရိယာများသည့်အပြင် တိကျမှုအတွက် အလွန် ဂရုစိုက်ရပေသည်။ အောက်မှာ ဖော်ပြမည့် ဓာတုနည်းတမျိုးသည် အလွယ်စမ်းသပ်ချင်သူများအတွက် ဖြစ်သည်။

ဓာတုနည်းဖြင့် ခိုင်တင်မှ ခိုင်တိုစန်သို့ နည်းလမ်း ၂

၁။ အတွင်းသား ဖယ်ထုတ်ထားသော ဂဏန်းခွံများကို ရှာလာကာရည် (ဗီနီဂါ) တွင် ၁ရက်မှ ၂ရက်ခန့် စိမ်ပါ။ ထို့နောက် အခွံများကို စစ်ယူပြီး နေဖြင့် အခြောက်လှန်းပါ။


၂။ အခြောက်လှန်းထားသော အခွံများကို ကော့စတစ် ဆိုဒါ ပြင်းအား အနဲဆုံး ၄၀ % ရှိသော အရည်ထဲတွင် ၁၀၀ ဒီဂရီ စင်တီဂရိတ် ရအောင် အပူပေးပါ။ ထိုသို့ ပြုလုပ်ရန် ခက်ခဲသူများအတွက် ဆိုဒါပြင်အားများသော အရည်ထဲတွင် ရက်ပေါင်း ၂၀ မှ ၃၀ နီးပါး နေပူထဲ ထားရှိခြင်းဖြင့်လည်း ခိုင်တိုစန်ကို ရရှိနိုင်ပါသည်။ စွမ်းအား အနဲငယ် လျော့နည်းနိုင်သော်လည်း ဘေးကင်းသော နည်းဖြစ်သည်။ တလခန့် စိမ်ပြီး စစ်ယူ ဆယ်ယူပြီး နေလှန်း အခြောက်ခံပါ။

၃။ နောက်ဆုံးရရှိလာသော ခိုင်တိုစန်သည် ရှာလကာရည်တွင် ကောင်းစွာ ပျော်ဝင်ပြီဖြစ်သည်။ သိမ်းဆည်းထားလိုပါက ရှာလကာရှည်အဆ ၂၀ မှ ၃၀ ခန့်ရောစပ်နိုင်သည်။

ဖော်ပြပါ နည်းလမ်း ၂မျိုးမှ ရရှိသော ခိုင်တိုစန် အရည်ကို ရွက်ဖြန်းအနေဖြင့် ရေ ၄ဂါလံတွင် ၁၀၀ စီစီ ခန့် ရောစပ်ဖြန်းနိုင်သည်။

ဇီဝနည်းဖြင့် ခိုင်တင်မှ ခိုင်တိုစန်သို့ နည်းလမ်း ၃

၁။ အတွင်းသား ဖယ်ထုတ်ထားသော ဂဏန်းခွံများကို နေပူတွင် ၁ ရက် ၂ရက်ခန့် အခြောက်ခံပါ။


၂။ အရမ်းစိုစွတ်လျှင် သို့မဟုတ် ထောင်းရလွယ်ကူစေရန် နာရီဝက်ခန့် မီးဖုတ်နိုင်သည်။ ခြောက်နေသော အခွံများကို မောင်းဆုံတွင် အမှုန့်များဖြစ်သည်အထိ ထောင်းရမည်။ ကြိတ်စက်ဖြင့်လည်း ကြိတ်နိုင်သည်။

၃။ ၁မီလီမီတာ အရွယ်ထက် သေးငယ်သော အမှုန်များဖြစ်ပါက ၄င်းကို အီးအမ်-၁ (လှုပ်ရှားအီးအမ် Activated EM) အသင့်ပြုလုပ်ပြီးသား အရည်ဖြင့် စဥ့်အိုးတွင် ရောစပ်ရမည်။ အီးအမ်-၁ ပြုလုပ်နည်း နှင့် မူလ အီးအမ်ဖျော်ရည်ပြုလုပ်နည်းတို့ကို သတ္တလောက အကျိုးပြု EM (Effective Microorganism) နည်းပညာ ဆောင်းပါးတွင် အသေးစိတ် ဖတ်ရှုနိုင်သည်။

           ရောစပ်ရမည့် အချိုးမှာ ဂဏန်းခွံ အမှုန် ၁ပိသာခန့်တွင် အီးအမ်-၁ ၂လီတာခန့်၊ သကာ အချိုရည် ၁လီတာ၊ ရေသန့် ၂လီတာတို့ကို ရောစပ်မွှေပါ။ စဥ့်အိုး၏ တ၀က်ခန့် လေဟာနယ်ဖြစ်ပါစေ။ ၂ရက် ၃ရက်ခန့်တွင် မျက်နှာပြင်အထက်သို့ ပူစီဖောင်းများ ဆက်တိုက်ထွက်လာပေမည်။ ၂ရက်တခါ အိုးကို မွှေးပေးနေရမည်။ ပြုလုပ်နေစဉ် အတောအတွင်း ပလက်စတစ် အိတ်မဲဖြင့် စဥ့်အိုးကို လုံစွာ စည်းထားရမည်။ မွှေရန် စတီးသို့မဟုတ် သန့်စင်သော တုတ်ချောင်းတို့ကို အသုံးပြုပါ။ ပူစီဖောင်းထွက်ခြင်း မရပ်မချင်း ထားရန်လိုအပ်သည်။ အနဲဆုံး တလမှ ၂လအကြာတွင် ခိုင်တိုစန်ဖြစ်ပေါ်ပြီး သုံးရန်အသင့်ဖြစ်သည်။ ရေ ၄ဂါလံတွင် ခိုင်တိုစန် အရည် ၅၀ - ၁၀၀ စီစီ ရောစပ်ဖြန်းနိုင်ပါသည်။

      အထက်ပါ ဇီဝနည်းဖြင့် ခိုင်တိုစန် ပြုလုပ်နည်းတွင် အရေးကြီးသော ဇာတ်ကောင်မှာ အီးအမ်ဖြစ်သည်။ အချိုရည်သည် အီးအမ် အကျိုးပြု အဏုဇီဝတို့ ကောင်းစွာရှင်သန်စေရန် အထောက်အပံ့ဖြစ်သည်။ အီးအမ်တို့မှ ထွက်သော အင်ဇိုင်းတို့သည် သဘာဝနည်းထက် ပိုမိုလျင်မြန်စွာ ခိုင်တင်မှ ခိုင်တိုစန် အဖြစ်သို့ ပြောင်းလဲပေးကြသည်။

      ထိုသို့ စိုက်ပျိုးရေးလောကအတွက် အကျိုးထူးလှသည့် ခိုင်တိုစန် ပြုလုပ်နည်းကို မိမိလေ့လာမိသမျှ ရေးသားဖော်ပြလိုက်ရပါသည်။ တောင်သူများအနေဖြင့် ကိုယ်တိုင်ဖော်စပ် ထုတ်လုပ်ပြီး အရည်အသွေးကောင်းမွန်သော သီးနှံ ထွက်ကုန်များ ထွကရှိပြီး အောင်မြင်ဖြစ်ထွန်းကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်ခင်ဗျာ။

ခင်မင်တဲ့ ကိုဝေအောင်
စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး
၂၉။ ၈။ ၂၀၁၅။
မနက် ၄း ၄၀ နာရီ။
ကိုးကား။ ။
http://www.ijens.org/Vol%2011%20I%2001/110201-8484%20IJBAS-IJENS.pdf
http://www.webmd.com/vitamins-supplements/ingredientmono-625-chitosan.aspx?activeingredientid=625&activeingredientname=chitosan
http://www.ncbi.nlm.nih.gov/pmc/articles/PMC2866471/
http://www.bestchitosan.com/html_info/For-Agriculture-7.html
http://www.agricultureinformation.com/forums/sale/56725-chitosan-agriculture.html
http://www.sciencedirect.com/science/article/pii/S0079670006000530
https://en.wikipedia.org/wiki/Chitin
https://en.wikipedia.org/wiki/Chitosan
http://www.ehow.com/how_8593488_make-chitosan.html
http://theunconventionalfarmer.com/recipes/bloom-fertilizer/
http://chifert.weebly.com/
မိမိ၏ လက်တွေ့စမ်းသပ်ချက်များ။



 
Top