" မြင်းစခုံနီ" 
Streptocaulon tomentosum Wight 
& Arn. 
Family: Apocynaceae
Subfamily: Asclepiadoideae
Myinsagoni, Myinsagon, Hompin

        ဒီတခါတော့ နာမည်ကြီးလှသော တိုင်းရင်းဆေးပင်တပင်နဲ့ မိတ်ဆက်ပေးခြင်မိတယ်၊ သူ့ကိုနာမည်ကိုရင်းနှီးနေပေမဲ့ အပင်ကိုရုတ်တရက်မေးရင် အတော်လေး အခက်တွေ့စေသော အပင်တပင်ပါ၊ အများစုက မြင်းစခုံနီဆိုလျှင် နွားလျှာကြီးပင် နှုတ်ယူပြတတ်ကြတယ်၊ အပင် ၂ပင်က အတော်လေးဆင်ကြတယ် ဒါပေမဲ့ နွားလျှာကြီးပင်က အမွှေးမရှိ ပြောင်လက် ပေါတယ်၊ သေခြာကြည့်လျှင် မတူကြပါဘူး၊ အစေးထွက်ပုံတူကြတယ်၊ ဒါပေမဲ့ သိပ္ပံအမည် genus ကအစလွဲပါတယ်၊ ၂ ပင်စလုံး ခွဲခြားရအောင် ပုံတွေတင်ပေးလိုက်တယ် မြင်းစခုံနီ အနီရှိသလို အဖြူလည်းရှိပါတယ်၊ ယခင်က Family Asclepiadaceae ထဲထည့်သွင်းထားပေမဲ့ ယခုအခါ Apocynaceae ထဲရောက်ရှိနေပါဘီ၊ ဒီအပင်က တပင်လုံး အညိုရောင်အမွှေးလေး တွေဖုံးထားတတ်ပါတယ်၊၊ 

         လမ်း တလျှောက် တောစပ်တွေမှာ နွယ်တက်တတ်တဲ့ သစ်မာနွယ်ဖြစ်ပြီး အရွက်တွေကရွက်ဆိုင်ထွက်တယ် ခူးလိုက်ရင် Milky latex ခေါ်တဲ့ အဖြူရောင် နို့စေးတွေထွက်လာတတ်ပါတယ်၊ အမြစ်က မြေဝင် ၆ လက်မသာရှိပြီး အရင်းတုတ်ကာ သွယ်ချွန်းသော အဖျားရှိပါတယ် ။ အဖြူထက်အနီက ဆေးဖက်ပိုဝင်ပါတယ်၊ အရွက်တွေက အစိမ်းရောင် or ညိုဝါရောင်သန်းကြတယ်၊ အနဲငယ်မာသော လက္ခဏာဆောင်တယ်၊ အပင်ရဲ့ species အမည်က လက်တင်လို tomentosa ဆိုတဲ့အတိုင်း မြက်နှာပြင်ပေါ်မှာ အမွှေးတွေရှိတယ်၊ tomentose ဆိုတာ အမွှေးကိုရည်ညွှန်းပါတယ်၊ ပန်းခိုင်ကတော့ ကြားထွက် dichotomus cyme ပုံစံပါ၊ ပန်းပွင့်လေးတွေက သေးငယ်လှပြီး အနီရင့် ဒါမှမဟုတ် နီညိုရောင်သန်းကြတယ်၊ ပွင့်ဖတ် ပွင့်ချပ် ၅ ခုစီပါကြတယ်၊ corona, coronal scales 5 ခုပါပြီး filiform ပုံစံပါ၊ stigma က 5 angled ဖြစ်ပြီ အတွင်းနေပါတယ်၊ အသီးက follicles ဖြစ်ပြီး တစုံတတွဲသီးလေ့ရှိတယ်၊ အစေ့တွေက cosmos ဖြစ်လို့နေတယ်။

          မြင်းစခုံနီတွေက အပူပိုင်းဒေသမှာအများဆုံးတွေ့ကြရမှာပါ၊ မုံရွာလိုနေရာမျိုးမှာတော့ နေရာအနှံ့  ပေါက်ကြပါတယ်၊ တောထလွန်းလို့တောင် ရှင်းမနိုင်လှသော ပေါင်းပင်တပင်ပါ၊ တိုင်းရင်းဆေးမှာလည်း ထင်ရှားလှသောအပင်တပင်ပါ၊ အရှင်နာဂသိမ်ဆေးကျမ်းထဲမှာတော့ မြင်းစခုံနီအပင်ပုံကို Parkinsonia aculeata (မြစိမ်းပင်) အနေနဲ့ လွဲမှားစွာ ဖော်ပြထားလို့ ပြင်ပေးလိုက်ပါတယ်၊ အပင်ရဲ့ ဂုဏ်နဲ့စွမ်းရည်မှာ လေကိုကြွစေတတ်၏ သွေးကိုငြိမ်စေတတ်၏ လို့ဆိုထားပါတယ်၊ အရှင်နာဂသိမ်ဆေးကျမ်းတွင်မူ ကျောက်ရောဂါများကုသရာတွင်အသုံးပြုကြသည် ထင်ရှားသော ဆေးများမှာ မြစ်ပေါင်းဆေးနီငယ်၊ ကျောက်သရေဆေးနည်း၊ကျောက်မီးတိုက်၊ ပဋိသန္ဓေနဲ့ ကျောက်ပေါက်ခြင်း၊ ဝက်ခြံ ဒေါင်းသိုနာ၊ အသမာနာ၊ ဂန္ဓမာလာအနာ ၊ အနာပဆုပ်၊ ဘင်နာ၊ကုတ်ဟီးခြောင်းဆိုးနာ၊ကျွဲသမာ ၊ ကျောက်ဆိုးနာ ရောဂါတွေမှာ အသုံးပြုကြပါတယ်၊ အသုံးပြုရာမှာလည်း မြင်းစခုံနီမြစ် နွားလျှာကြီးအမြစ်၊ လက်ထုတ်ကြီး အမြစ် တိလင်္ကသာ၊ ခင်ပုတ်၊ ...စသော ..အမျိုးမျိုးသော ဆေးဖက်ဝင်အမြစ်များနဲ့ ရောပြီး ဆေးဖော်စပ်ကာ သုံးကြပါတယ်၊ အသုံးပြုပုံ အသေးစိတ်ကိုမူ ဆေးကျမ်းမှာ ကြည့်ရှု့လေ့လာလို့ရမှာပါ၊ ကဲ ဒါဆို မြင်းစခုံနီတပင်ကို ရှာခြင်မိဘီဆိုပါဆို့ ..အရမ်းလွယ်ပါတယ် ..စာသင်ခန်းအပြင်ဖက် မှာ တောထအောင်ပေါက်နေတာမြင်ရမှာပါ၊ ပိုသေခြာအောင် ခူးလိုက်လို့ ဖြူဖြူအစေးတွေ ထွက်လာရင် အဲဒါ မြင်းစခုံနီ အပင်လေးပါဘဲ...

Ref: Ashin nargathein, Flora of Pondaung ponnya by Dr ThetNaingOo, Checklists of Myanmar, e.flora.org. Flora of China.


 
Top