နိဒါန်း
        အပူပိုင်းသီးနှံဖြစ်ပြီး မြန်မာပြည်နေရာဒေသ အနှံ့အပြားတွင် စိုက်နိုင်သည်။ ကြော်ချက်၍လည်းကောင်း၊ ဟင်းရည်ပြုလုပ်၍လည်းကောင်း၊ အခြားသီးနှံသားငါးတို့နှင့် ရောနှော၍လည်းကောင်း ချက်ပြုတ်စားသုံးနိုင်ပါသည်။


စိုက်ပျိုးခြင်း
        ဒန့်သလွန်ပင်ကို အိမ်ခြံဝင်းအတွင်း စားသုံးပင် သီးနှံအဖြစ် စိုက်ကြသည်။

(၁) ကိုင်းဖြတ်စိုက်ခြင်း
         ကိုင်းဖြတ်စိုက်ခြင်းကို မိုးဦးကျချိန်၊ ဇွန်လတွင် ဆောင်ရွက်ရမည်။ ဒန့်သလွန်ပင်ကို တစ်ပင်နှင့်တစ်ပင်ပေ ၂၀ ခြား၍စိုက်ရမည်။ စိုက်မည့်နေရာတွင် ၃ x ၃ x ၃ ပေကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး၊ သို့မဟုတ် သစ်ရွက်ဆွေး မြေသြဇာဆတူရောထည့်၍ စိုက်နိုင်သည်။ စိုက်ကျင်းတွင် အနည်းဆုံးအနက် ၆ လက်မအထိ ကိုင်းကိုမြုပ်စိုက်ရမည်။

(၂) အစေ့တိုက်ရိုက်ချစိုက်နည်း
       အစေ့တိုက်ရိုက်ချစိုက်ရာတွင် မျိုးစေ့ယူရန်အတွက် နွေကာလ မတ်၊ ဧပြီများ၌ ကောင်းစွာရင့်မှည့်သော သီးတောင့်များမှ အစေ့ရယူပြီး မိုးဦးကျချိန်ဇွန်လတွင် မြေချစိုက်ပျိုးရမည်။ ဒန့်သလွန်ပင်အကိုင်းများကို မြေထုပ်စည်း၍လည်း စိုက်ပျိုးနိုင်သည်။

အပင်ပြုစုခြင်း
        အပင်များအကြားရှိ ပေါင်းမြက်များ ရှင်းလင်းပေးရမည်။ သီးထွက်ရနေသော အပင်ကြီးများကို မိုးဦးနှင့်မိုးအကုန်တွင် တစ်ကြိမ်စီ မြေသြဇာကျွေးသင့်ပါသည်။

ခူးဆွတ်ခြင်း
         အသီးခူးဆွတ်ရန် ရည်ရွယ်ပါက အညွန့်များ မခူးဆွတ်သင့်ပါ။ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် အသီးများ ဖြိုင်ဖြိုင်သီးသည်။ ဒန့်သလွန်တစ်ပင်သည် တစ်နှစ်လျှင် ပျမ်းမျှအနည်းဆုံး အသီး ၂၀၀ ခန့် သီး နိုင်သည်။

အပင်ချိုင်ပေးခြင်း
         ဒန့်သလွန်ပင်သည် အကိုင်းဆတ်သဖြင့် အပင်ကြီးသွားပါက အကိုင်းများ ကျိုးတတ်ပြီး အသီးအား လျော့သွားတတ်သဖြင့် နွေအခါအသီးခူးပြီးနောက် အကိုင်းကြီးများကို ချိုင်ပေးခြင်းဖြင့် အပင်နုပျိုလာပြီး သီ အားကောင်းမွန်၍ ဆွတ်ခူးရန်လည်း လွယ်ကူသည်။

အရွက်သုံးဝင်ပုံ
          ဒန့်သလွန်အရွက်သည် အလွန်အာဟာရဓာတ်ကြွယ်ဝသဖြင့် ကလေးငယ်များနှင့် အသက်ကြီးသူများကို ကျွေးပေးသင့်သည်။ အရွက်များကို အခြောက်ခံ၊ အမှုန့်ကြိတ်ထားပြီး ဆံပြုတ်တွင်ထည့်၍ စားသုံးစေခြင်းဖြင့် အာဟာရလည်းဖြစ်၍ ရောဂါလည်း ကင်းဝေးနိုင်ပါသည်။

(ဒန့်ဒလွန်ပင်ဟာ အစေ့ စိုက် တာထက် ကိုင်းချိုးစိုက်ခြင်းဟာ ပိုပြီး အပင်တက်မြန်ပါတယ် အစေ့ချစိုက်လို့ ၃နှစ်နဲ့ သီးရင် ကိုင်းချိုးစိုက်တာ တနှစ် ခွဲလောက်မှာ စသီးပါတယ်မြေဆီ အနေအထား ရာသီဥတု ပေါ်မူတည်ပြီး အသီးကစားချိန် ကွာတတ်ပါတယ်)

- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
ဒန့်သလွန် စိုက်ပျိုးနည်း (The Farmer Journal)
 
Top