ဒီတစ်ပတ် ကတော့ အခုတလော မြန်မာပြည်အနှံ့ အနယ်နယ် အရပ်ရပ်မှာ ကျယ်ကျယ် လောင်လောင် ပြဿနာ ဖြစ်နေတဲ့ စပါး ဘက်တီး ရီးယား ရွက်စင် ရောဂါနဲ့ ကာကွယ် နှိမ်နင်းဖို့ အကြောင်း ဆွေးနွေး အကြံပြု ပါ့မယ်။ မြန်မာပြည်အနှံ့မှာ အထူးသဖြင့် ပုလဲသွယ်စိုက်ခင်းတွေမှာ ဒီရောဂါ ပိုဆိုးပြီး အသံတွေထွက်နေတာတွေ့ရပါတယ်။ ဒီ ပုလဲသွယ်က ဒီရောဂါကို တရုတ်ပြည်က သယ်ယူလာပြီး အခုပြည်တွင်းမှာရှိတဲ့ အခြားစပါးတွေကိုပါ လက်ဆင့်ကမ်းပေး သလိုဖြစ်လိုက်တော့ အခြားစပါးတွေပါ ဒီ ရောဂါဒုက္ခ ခံစားလာကြရပါတယ်။

           ဒီ အတွက်လည်း လယ်သမားကြီးတွေကြား မှာ ပူညံပူညံသံများ ဆူညံလာပါတယ်။ ဒီရောဂါဟာ ဘက်တီးရီးယားပိုး ကြောင့် ဖြစ်တာပါ။ သူ့ရဲ့သက်ရှိကတော့ Xanthomonas Oryzae   ဖြစ်တယ်။ ဒီရောဂါ ဟာ မိုးဆက်တိုက်ရွာပြီး စွတ်စိုထိုင်းမှိုင်းနေတဲ့ ရာသီဥတုဆိုရင် ပိုဖြစ်လွယ်တာများပါ တယ်။ စပါးစိုက်ပြီးလို့ သက်တမ်း (၄၀- ၅၀)ရက်လောက်ဆိုရင် ဒီရောဂါစ၀င်တာ ပါဘဲ။ အပင်ငယ်သေးရင်တော့ မဖြစ်သေးပါဘူး။ ဒီရောဂါရဲ့ သက်ရှိတွေဟာ ကောက်ရိုး၊ ရိုးပြတ်၊ စပါးစေ့ဟောင်း၊ မြက်ရိုင်းတွေမှာ ခိုအောင်းနေပြီး စပါးပင် သက်တမ်းရလာတဲ့အခါ အသက်ရှင်လှုပ် ရှားပြီး စတင်တာပါဘဲ။ စပါးရွက်ပေါ်မှာ ဘက်တီးရီးယား ရွက်စင်းရောဂါစ၀င်ပြီဆိုရင် ကန်သင်းပေါ် မှကြည့်ပါ။

           စပါးရွက်အရောင်ဟာ အ၀ါ အရောင်ဖြစ်နေပါတယ်။ ကာကွယ်နှိမ်နင်း မှု အချိန်မီမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်အ တွင်းမှာ စပါးတစ်ခင်းလုံးဟာ နီဝါရောင်၊ လိမ္မော်ရောင် လွှမ်းနေတာတွေ့ရပါတယ်။ ဒီအတိုင်းဆက်ထားရင်တော့ နီညိုညို အရောင်ပြောင်းသွားပြီး အရွက်တွေခြောက်ပြီး လိပ်သွားပါတယ်။ ဒီရောဂါပိုးများဟာ လေတိုက်ရင် လေနဲ့ တစ်ပင်မှ တစ်ပင်၊စပါးတစ်ခင်းမှတစ်ခင်းသို့ ပျံ့နှံ့ကူးစက်ပါ တယ်။ လေတိုက်လို့ စပါးရွက်တွေ ပွတ် တိုက်ဒဏ်ရာရရင်လည်း အဲဒီဒဏ်ရာက တစ်ဆင့် ရောဂါဝင်စေပါတယ်။ ရောဂါဖြစ်ပွားတာရော၊ ရောဂါကူးစက်တာရော အလွန်မြန်ပါတယ်။ ဒီလိုနဲ့ဘဲ စပါးခင်းချင်း တစ်ကွင်းထဲကပ်နေတဲ့ ပြည်တွင်းရှိပြီးသား စပါးမျိုး တွေလည်း ရောဂါကူးစက်ခံရ တာဖြစ်ပါတယ်။

         ဒီရောဂါကို ကာကွယ်နှိမ်နင်းမယ် ဆိုရင်တော့ နှစ်ပိုင်းရှိပါ့မယ်။ ပထမပိုင်းက တော့ ကြိုတင်ကာကွယ်ခြင်းအပိုင်းနဲ့ ဒုတိယပိုင်းကတော့ နှိမ်နင်းခြင်းအပိုင်းဘဲဖြစ်ပါ တယ်။ ကြိုတင်ကာကွယ်မှုအပိုင်းမှာ မျိုးစေ့ ဆေးစီရင်ခြင်းဖြစ်ပါတယ်။ မျိုးစေ့ကို ဆေးစီရင်တယ်ဆိုရင် ဟိုမိုင်း(WDP) ဆေး ၄၀ ဂရမ်ကို ရေ ၁၀ ဂါလံနဲ့ဖျော်ပါ။ သမအောင် ရောမွှေပေးပါ။ ပြီးလျှင် မျိုးစေ့တွေကို ၎င်း ဆေးရည်မှာ ၁၂ နာရီတိတိစိမ်ပါ။ အချိန်စေ့ ရင် စပါးစေ့များပြန်ဆယ်၊  ရေစစ်ပြီး ရေသန့် သန့်နဲ့ သုံးကြိမ်လောက်ပြောင်စင်အောင် ဆေးကြောပါ။ ပြီးလျှင် ရေစစ်ပြီး ပီနန်အိတ် များမှာ ပြန်ထည့်စည်းပြီး မျိုးအညှောက် ပေါက်ရန် ရေသန့်သန့်တွင် တစ်ညစိမ်၊ နှစ်ည လေလုံအောင်အုပ်ပေးပါ။ မျိုးအညှောက် များပေါက်လာပြီး ဆေးစီရင်ပြီးသားမျိုးစေ့ ကိုရပါလိမ့်မယ်။ အသင့်ပျိုးထောင်ရုံပါဘဲ။ နောက် ကြိုတင်ကာကွယ်တဲ့နည်း တစ်နည်းကတော့ ပျိုးဘောင်မှာ ပျိုးမနှုတ် မီ ၃-၅ ရက်အလိုမှာ ကာဆူမင်ဆေး ဖျန်း ပေးပြီး ၄-၅ ရက်ကြာမှ နှုတ်ပြီးစိုက်ပါ။ ပျိုးပင်တွင် ကာကွယ်ဆေးပါသွားတဲ့အ တွက် ရောဂါကြိုတင်ကာကွယ်ပြီးသားဖြစ် စေပါတယ်။ လုပ်ရတာလည်း လုပ်ငန်းပမာဏနည်းပါတယ်။

          နောက် ကြိုတင်ကာကွယ်တဲ့နည်းက တော့ စပါးသက်တမ်း ၃၅-၄၀ ရက်သားရ ပြီဆိုရင် ဖန်ဂျီကင်း ၅၀၀ ဂရမ်ကို ရေဂါလံ၂၀ နဲ့ဖျော်ပြီး သုံးကြိမ် ကြိုတင်ဖျန်းပေး တယ်ဆိုရင်လည်း ရောဂါမ၀င်အောင် အချိန် မီ ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒီရောဂါကျလို့ နှိမ်နင်းမယ်ဆိုရင် တော့ မားလ်ကိုဆိုဒ်ဆေး ၈၀ ဂရမ်နဲ့ ရေ ၂၀ ဂါလံနဲ့ဖျော်ပြီး တစ်ပတ်ခြားတစ်ကြိမ် သုံးကြိမ်ဖျန်းပေးပါ။ ရောဂါဖြစ်ပြီးသား အရွက်များခြောက်ကျသွားပြီး အသစ်ထွက် တဲ့ စပါးရွက်များ ရောဂါကင်းပြီး စိမ်းလာ ပါလိမ့်မယ်။ ရောဂါ ဆိုးဆိုးရွားရွားဖြစ်ပြီဆိုရင် တော့ ဖန်ဂျီကျင်းဆေးတစ်လှည့်၊ မားလ်ကို ဆိုဒ်တစ်လှည့်၊ ဘိုင်အိုဂရိုးဆေးတစ်လှည့်စီ ဖျန်းပေးရင် ရောဂါကို အပြီးသတ်နှိမ်နင်း နိုင်ပါကြောင်း မျှဝေလိုက်ရပါတယ်။

 တောင်သူလယ်သမားကြီးများအား လုံး သီးနှံတွေအထွက်တိုးလို့လူမှုစီးပွား ဘ၀တွေ ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန် ကောင်းတောင်းလျက်
 အောင်ဆန်း (စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများဂျာနယ်


 
Top